ယခုနှစ်အတွင်း ကျိုက်ထီးရိုးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားသားဘုရားဖူးနှင့် ခရီးသွား ၇၆၀၀၀ ကျော် လာရောက်ခဲ့

ယခုနှစ်အတွင်း ကျိုက်ထီးရိုးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားသားဘုရားဖူးနှင့် ခရီးသွား ၇၆၀၀၀ ကျော် လာရောက်ခဲ့
Published 20 September 2018

ကျိုက်ထီးရိုးရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများအား တွေ့ရစဉ်

ယခုနှစ်ဇန်နဝါရီလမှ သြဂုတ်လအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး တည်ရှိရာ ကျိုက်ထီးရိုးရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားသားဘုရားဖူးနှင့် ခရီးသွား ၇၆၀၀၀ ကျော် လာရောက်ခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ကျိုက်ထီးရိုးတောင်ပေါ် နိုင်ငံခြားသားဇုန်ဝင်ကြေး ကောက်ခံရေးရုံး၏ စာရင်းများအရ သိရသည်။

နိုင်ငံခြားသားဘုရားဖူးနှင့် ခရီးသွားများ အနေဖြင့် ကျိုက်ထီးရိုးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ဇန်နဝါရီလအတွင်း ၁၅၆၀၃ ဦး၊ ဖေဖော်ဝါရီလအတွင်း ၁၄၈၂၂ ဦး၊ မတ်လအတွင်း ၁၄၈၉၄ ဦး၊ ဧပြီလအတွင်း ၈၀၀၁ ဦး၊ မေလအတွင်း ၇၃၃၆ ဦး၊ ဇွန်လအတွင်း ၄၉၈၀ ဦး၊ ဇူလိုင်လအတွင်း ၅၉၅၉ ဦး၊ သြဂုတ်လအတွင်း ၄၆၉၆ ဦး လာရောက်ခဲ့ကြကြောင်း အဆိုပါ ကျိုက်ထီးရိုးတောင်ပေါ် နိုင်ငံခြားသားဇုန်ဝင်ကြေး ကောက်ခံရေးရုံး၏ စာရင်းများအရ သိရသည်။

“၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်က စပြီးတော့ ဒီကျိုက်ထီးရိုးရှေးဟောင်း ယဉ်ကျေးမှုဇုန်ဝင်ကြေးကို နိုင်ငံခြားတစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်း ပြောင်းလဲ ကောက်ခံခဲ့ပါတယ်။ ဇန်နဝါရီလကနေ သြဂုတ်လအထိကို နိုင်ငံခြားသား စုစုပေါင်း ၇၆၂၉၁ ဦး လာရောက်ခဲ့ကြတဲ့အတွက် ဇုန်ဝင်ကြေးအဖြစ် ငွေကျပ် ၇၆၂၉၁၀၀၀၀ ကောက်ခံ ရရှိခဲ့ပါတယ်” ဟု ကျိုက်ထီးရိုးတောင်ပေါ် နိုင်ငံခြားသားဇုန် ဝင်ကြေးကောက်ခံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အရင်တုန်းက ဇုန်ဝင်ကြေးကောက်ခံရရှိငွေကို အရင်ကတော့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကို လွှဲရတယ်။ အဲဒီကမှတစ်ဆင့် ဇုန်ဝင်ကြေး ကောက်ခံရေးစခန်း အသုံးစရိတ် နှစ်ရာခိုင်နှုန်း နုတ်ပြီးတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေစာရင်းထဲကို လွှဲပေးရတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လက စပြီးတော့ ဇုန်ဝင်ကြေးကောက်ခံရရှိငွေကို မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကို မလွှဲရတော့ဘဲ၊ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေစာရင်းထဲကို လစဉ် ၁၀၀ ရာခိုင်နှုန်း သွင်းပေးရပါတယ်။ အသုံးစရိတ် နှစ်ရာခိုင်နှုန်းကိုတော့ ပြည်နယ်အစိုးရအဖွဲ့ထံကနေ ပြန်တင်တောင်းရပါတယ်” ဟု ပြောကြားသည်။

“ကျိုက်ထီးရိုးစေတီတော်ကြီးကို ထိုင်းနိုင်ငံက ဘုရားဖူးတွေ အဓိက အများဆုံး လာရောက် ဖူးမြော်ကြပါတယ်။ နောက်ပြီး အာရှကဆိုရင် ဗီယက်နမ်၊ လာအို၊ တရုတ်နဲ့ ဂျပန်တွေလည်း လာကြပါတယ်။ ဥရောပကဆိုရင် ဂျာမနီ၊ စပိန်၊ ပြင်သစ် စသည်ဖြင့်ပေါ့လေ။ နိုင်ငံတော်တော်များများ လာရောက်ကြပါတယ်” ဟု အဆိုပါ ကျိုက်ထီးရိုးတောင်ပေါ် နိုင်ငံခြားသားဇုန်ဝင်ကြေး ကောက်ခံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောကြားသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး တည်ရှိရာ ကျိုက်ထီးရိုးရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ ၂၀၁၆ ခုနှစ်က နိုင်ငံခြားသား ဘုရားဖူးနှင့် ခရီးသွား ၁၂၅၅၀၀ ဦး လာရောက်ခဲ့ကြပြီး၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားသားဘုရားဖူးနှင့် ခရီးသွား ၁၂၅၂၁၇ လာရောက်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးထံမှ သိရသည်။

နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲသို့နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးသုံးသန်းကျော် လာရောက်လေ့ရှိကြောင်း ဂေါပကအဖွဲ့၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent