ဟုမ္မလင်းမြို့နယ် ဆန်ကျိန်းကျေးရွာတွင် လက်ကိုင်ဖုန်း အိမ်သာကျင်းထဲ ပြုတ်ကျ၍ ဆင်းဆယ်ရာမှ အမျိုးသားလေးဦးသေဆုံး

ဟုမ္မလင်းမြို့နယ် ဆန်ကျိန်းကျေးရွာတွင် လက်ကိုင်ဖုန်း အိမ်သာကျင်းထဲ ပြုတ်ကျ၍ ဆင်းဆယ်ရာမှ အမျိုးသားလေးဦးသေဆုံး
Published 20 September 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကင်းအုပ်စု ဆန်ကျိန်းကျေးရွာတွင် လက်ကိုင်ဖုန်း အိမ်သာကျင်းထဲပြုတ်ကျ၍ ဆင်းဆယ်ရာမှ အမျိုးသားလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် သေဆုံးသူများမှာအသက် ၂၀ နှင့် ၃၀ ကြား အမျိုးသားများဖြစ်ကြပြီး စက်တင်ဘာ ၁၈ ရက် ည ၈ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ကာ ထိုအမျိုးသားလေးဦးမှာ အိမ်သာကျင်းထဲတွင်ပင် သေဆုံးခဲ့ကြောင်း ဆန်ကျိန်းကျေးရွာနေ ထိန်ကင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှတင်က ပြောကြားသည်။

“အိမ်သာက မြေစိုက် ရေလောင်း အိမ်သာ။ သုံးနေကြတာ ကြာပြီ။ လေးနှစ်ကျော်လောက် ရှိတော့မယ်။ အိမ်သာအနက်က ၁၀ တောင်လောက်နဲ့ အကျယ်က သုံးတောင်လောက်ရှိတယ်။ အိမ်သာထဲမှာ ရေတွေက လေးတောင်လောက်ရှိပြီး ခြောက်တောင်လောက်က အလွတ်ပေါ့။ ကောင်မလေးက အိမ်သာတက်ရင်း ဖုန်းကိုအိမ်သာထဲယူ သွားတာနေမှာပေါ့။ အိမ်သာထဲ ဖုန်းပြုတ်ကျသွားတော့ သူ့အစ်ကိုကို ဖုန်းပြုတ်ကျသွားတယ်ပြောတော့ သူ့အစ်ကိုက ပြန်ဆယ်ပေးမယ်ဆိုပြီး အိမ်သာကျင်းအဖုံးကို ဖွင့်ပြီးဆင်းဆယ်တော့ ပြန်အတက်မှာ ပြုတ်ကျပြီး ပြန်မတက်လာနိုင်တာနဲ့ နောက်တစ်ယောက်ဆင်းပြီး ပထမလူကို ကယ်တာပေါ့။ ဒုတိယ လူလည်းအဲ့ဒီလိုဖြစ်ပြီး ပြန်မတက်လာတာနဲ့ တစ်ခါ တတိယလူက ထပ်ဆင်း၊ နောက်တတိယလူက ပြန်မတက်လာနိုင်တာနဲ့ နောက်ဆုံး လေးယောက်မြောက် လူကပါ ထပ်ဆင်းတော့ လေးယောက်စလုံး ပြန်မတက်လာနိုင်တော့မှ ရွာကလူတွေကို အော်ဟစ်နှိုးပြီး ဝိုင်းပြီးဆယ်ကြတော့ အိမ်သာကျင်းထဲမှာ ကတည်းက လေးယောက်စလုံး အသက်မရှိကြတော့ဘူး။ လေးယောက်စလုံး အဲဒီလိုဖြစ်တော့ ဘယ်သူမှလည်း အိမ်သာကျင်းထဲ ထပ်မဆင်းရဲကြတော့ဘူး။ ပထမဆယ်တဲ့လူက အိမ်သာကျင်းအဖုံးကို သူ့တစ်ကိုယ်ဝင်စာလေး အပေါက်ဖောက်ပြီး ဆင်းသွားတာ။ သူပြန်မတက်လာလို့ ဆင်းကယ်တဲ့ နောက်လူတွေကလည်း အဲဒီ အပေါက်ကနေပဲဆင်းကြတာ။ ဒါနဲ့ရွာသားတွေစုပြီး အိမ်သာကျင်းကို ဖြိုဘေးကိုချဲ့ပြီးမှ အလောင်းတွေကို ချိတ်နဲ့ဆွဲတင်ရတယ်။ သေတဲ့လူ လေးယောက်စလုံးက အမျိုးတွေ ညီအစ်ကိုအရင်းတွေနဲ့ တစ်ဝမ်းကွဲတွေ” ဟု ဦးလှတင်က ပြောကြားသည်။

အိမ်သာကျဉ်းထဲ လက်ကိုင်ဖုန်း ပြုတ်ကျ၍ ဆင်းဆယ်ရာမှ သေဆုံးခဲ့သော အမျိုးသားလေးဦးကို ဟုမ္မလင်းမြို့နယ် ထမံသီနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး သေဆုံးသူ အမျိုးသားလေးဦးအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးသိရှိနိုင်ရန် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံတွင် ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent