ကံပေါက်ဒေသတွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၁၂၃၀ LNG to Power Project အတွက် LNG ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရန် နှစ်လကြာ Survey ပြုလုပ်မည့်အပေါ် လုံခြုံရေးအရ ငါးဖမ်းဆီးမှုကို ပိတ်ပင်တားမြစ်မှုများရှိလာနိုင်သဖြင့် ဒေသခံရေလုပ်သားများ စိုးရိမ်ပူပန်နေ

ကံပေါက်ဒေသတွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၁၂၃၀ LNG to Power Project အတွက် LNG ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရန် နှစ်လကြာ Survey ပြုလုပ်မည့်အပေါ် လုံခြုံရေးအရ ငါးဖမ်းဆီးမှုကို ပိတ်ပင်တားမြစ်မှုများရှိလာနိုင်သဖြင့် ဒေသခံရေလုပ်သားများ စိုးရိမ်ပူပန်နေ
Published 20 September 2018

ကံပေါက်ဒေသရှိ ဓမင်းဆိပ်ကျေးရွာနှင့် စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းနေစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင် ကံပေါက်ဒေသရှိ အုန်းပင်ကွင်းရွာတွင်  Total Myanmar  နှင့် SIEMENS Myanmar Group တို့က ၂၀၂၁ ခုနှစ်တွင် တည်ဆောက်မည့် မဂ္ဂါဝပ် 1230 Kanbauk Integrated LNG to Power Project အတွက် LNG ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရန် Survey  ပြုလုပ်မှုကို စက်တင်ဘာ ၁၅ ရက်မှစ၍ နှစ်လကြာပြုလုပ်ရန်ရှိနေသည့်အပေါ် လုံခြုံရေးအရ ငါးဖမ်းဆီးမှုကိုပိတ်ပင်တားမြစ်မှုများ ရှိနိုင်သဖြင့် ဒေသခံရေလုပ်သားများ စိုးရိမ်ပူပန်နေကြောင်း သိရသည်။

ယင်းစီမံကိန်းအတွက် LNG ဓာတ်ငွေ့ တင်ဆောင်လာမည့် သင်္ဘောမှာ ကမ်းခြေမှ ရေမိုင် ၁၀ မိုင်ကျော်အကွာရှိ ဟိန်းဇဲဘုတ် ကျွန်းစုအနီးတွင် ရပ်နား၍ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် ကံပေါက်ဒေသရှိ ဓာတ်အား ပေးစက်ရုံသို့ ပို့လွှတ်ရန်အတွက် ပိုက်လိုင်းသွယ်တန်းရန်လက်ရှိ Survey ပြုလုပ်ချိန်မှာ နှစ်လကြာမြင့်မည်ဟု ကုမ္ပဏီဘက်ကဆိုပြီး ယင်းအချိန်သည် ဒေသခံများအတွက် အလွန်ကြာမြင့်သည့်အချိန်ဖြစ်ကြောင်း၊ ဒေသခံများငါးဖမ်းဆီးရာတွင်အသုံးပြုသည့် မျောပိုက်မှာလည်း ရေစီးကြောင်းအပေါ်မူတည်၍လုပ်ကိုင်ရသောကြောင့် ငါးဖမ်းဆီးရန်ခက်ခဲသည့်အနေအထားရှိနေပြီး ဒေသခံများဘက်မှစိုးရိမ်နေသည့် အခြေအနေကို သက်ဆိုင်ရာဌာနများနှင့်ကုမ္ပဏီတို့က မည်သို့ဆောင်ရွက်ပေးနိုင်မည့်အပေါ် စီမံကိန်း ဆောင်ရွက်မည့် ကုမ္ပဏီဘက်သို့ စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သည့်တွေ့ဆုံပွဲ၌ ဒေသခံများက တောင်းဆိုခဲ့ကြောင်း သိရသည်။

“သူတို့ Survey ဆင်းမယ့်နေရာက နွေရာသီဆိုရင်ဒေသစုံရဲ့ လှေတွေ ၁၅၀ နဲ့ ၁၀၀ အကြားရှိတယ်။ နေ့စဉ်ဝင်ငွေကတခြား ရွာတော့မသိဘူး။ ကျွန်တော်ရွာမှာ နေ့စဉ် ဝင်ငွေပျမ်းမျှခြင်းလှေအစင်း ၇၀ ပုံမှန်ဆို တစ်နေ့ကို သိန်း ၅၀၀ လောက်ရှိတယ်။ တကယ်လို့ငါးသားမိလာတဲ့အချိန်ပေါ့နော်။မမိတဲ့အချိန်တော့ ကျွန်တော် မဆိုလိုဘူး။မိလာတဲ့အချိန်ဆို သိန်း ၅၀၀ လောက်ရှိ တယ်တစ်နေ့ကို အခုနေပြည်တော်ငါးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ဒီ ငါးမိုင်ပတ်လည် အတောအတွင်းမှာ ဒီ Survey ကာလ နှစ်လတာအတိုင်းအတာမှာ ကျွန်တော်တို့ တကယ်လို့ ငါးဖမ်းဆီးခွင့်မရဘူးဆိုရင် ကျွန် တော်တို့ရွာသည် ဒုက္ခလှလှကြီးတွေ့သွား နိုင်တယ်။ ကျွန်တော်တို့က ငါးအမယ်စုံတော့မှ ငါးဖမ်းဆီးတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာဘာဖြစ်လာနိုင်လဲဆိုတော့ ပင်လယ်ဘက်ကလည်းမရသလို ဒီကုန်းပေါ်မှာ ကျွန်တော်တို့ရေလုပ်သားတွေကိုကြိုတင်ထုတ်ထားပေးတဲ့ ငွေသည်ဆုံးရှုံးမှာပါ။ နောက်ပြီး ကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ သည်အကုန်လုံးက ဝင်ငွေမရှိဘဲနဲ့ အလဟ ဿဆုံးရှုံးသလိုဖြစ်မှာပါ” မင်းဆိပ် ကျေးရွာမှ ဒေသခံရေလုပ်ငန်းရှင် ဦးတင်ဆန်းက ပြောကြားသည်။

Total E&P Myanmar ကုမ္ပဏီမှ ဆောင်ရွက်နေမည့် Kanbauk Integrated LNG to Power Project လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကံပေါက်ဒေသရှိ ဓမင်းဆိပ်ကမ်းခြေတစ်လျှောက်တွင် စက်တင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ Survey Vessel, Victoria 8 ရေယာဉ်ဖြင့်  Subsea and Geotechnical Survey လုပ်ငန်းများ ဆောင်ရွက်မည့် တည်နေရာများ ဖြစ်သော Point R 01 မှ Point R 15 အထိ နှင့် Platform Sample ရယူမည့်တည်နေရာများကိုထုတ်ပြန်ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရန်အတွက် ဖော်ပြထားသည့် လမ်းကြောင်းတစ်လျှောက်ဧရိယာမှ  ငါးမိုင်ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာထားသဖြင့် သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ

ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနက စက်တင်ဘာ ၂ ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်ကြေညာခဲ့သည်။

ထိုသို့နိုင်ငံပိုင်သတင်းစာက ကြေညာခဲ့သော်လည်း တာဝန်ရှိသူများက လာရောက် အသိပေးခြင်းမရှိသောကြောင့် ဒေသခံများအနေဖြင့် သိရှိခဲ့ခြင်းမရှိကြောင်း၊ ယင်းသို့

ကြေညာခဲ့ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုကို ဒေသခံများထံ လာရောက်တွေ့ဆုံရှင်းပြရန် တောင်းဆိုမှုကြောင့် Total ကုမ္ပဏီမှ Project တာဝန်ရှိသူအချို့ စက်တင်ဘာ ၁၇ ရက်တွင် ဒေသခံများနှင့် လာရောက်တွေ့ဆုံ ခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင်ဒေသခံများက ၎င်းတို့ စိုးရိမ်နေသည့်အချက်များကို တောင်းဆိုခဲ့သည်။

တွေ့ဆုံပွဲသို့လာရောက်ခဲ့သည့်ကုမ္ပဏီ တာဝန်ရှိသူများက ၎င်းတို့ Survey ပြုလုပ်ရန်အတွက် ရေကြောင်းသတိပေးချက်အနေဖြင့် ငါးမိုင်ပတ်လည်ကိုကြေညာထားသော်လည်း Survey ပြုလုပ်ရန် ဧရိယာအနည်း ငယ်သာလိုအပ်ကြောင်းပြောကြားသဖြင့် ဒေသခံများက ငါးဖမ်းဆီးမှုပြုလုပ်နိုင်ရန် အတွက် ကုမ္ပဏီမှ သက်ဆိုင်ရာဌာနများကို ညှိနှိုင်းပေးရန်တောင်းဆိုခဲ့ပြီး ကုမ္ပဏီ တာဝန်ရှိသူများက တိတိကျကျဖြေကြားခဲ့ခြင်း မရှိဘဲ အထက်လူကြီးများထံ တင်ပြပေးမည်ဟုသာပြောကြားခဲ့သည်ဟု ဒေသခံရေလုပ်သားများက ပြောကြားသည်။

“အဓိကကတော့သူတို့က ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ထားတဲ့ လုံးဝပင်လယ်ထဲထွက်ပြီးငါးမဖမ်းရဆိုတဲ့အမိန့်ကို စိုးရိမ်စိတ်ရှိတယ်။ ဒီဟာကို ကျွန်တော်တို့ကုမ္ပဏီအနေ နဲ့ဘယ်လိုညှိနှိုင်းပေးပြီးတော့ ညှိနှိုင်းပေး လို့ရနိုင်မလား မရနိုင်ဘူးလား။ ဒါကိုသူတို့ မေးတယ်။ ဒါကလောလောဆယ် အဖြေမရှိ သေးဘူး။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လုပ်မယ့်လုပ်ငန်းနဲ့ဒီကငါးလုပ်ငန်းလုပ်တဲ့သူတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အနှောင့်အယှက်မဖြစ်အောင်၊ အန္တရာယ် မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးတာ။ အခုလုပ်ရမယ့်ဟာက ဓမင်းဆိပ်က Survey လုပ်ငန်းအနေနဲ့က ကင်းလွတ်မှုရှိတယ်။ ပြဿနာမရှိဘူး။ ဒါပေမဲ့ လုံး၀ ငါး ဝင်မဖမ်းပါနဲ့လို့ထုတ်ထားတဲ့ အမိန့် အပေါ်မှာတော့ စိုးရိမ်စိတ်ရှိနေတယ်” ဟု  Total ကုမ္ပဏီ၏ကံပေါက်လျှပ်စစ် စီမံကိန်း လူထုဆက်ဆံရေးတာဝန်ခံဖြစ်သူ ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

Most Read

Most Recent