မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးကင်းမဲ့ဇုန် ဖြစ်နေကြောင်း မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးကင်းမဲ့ဇုန် ဖြစ်နေကြောင်း မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဆန္ဒထုတ်ဖော်
Published 20 September 2018

တောင်ဥက္ကလာပ တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ရဲတပ်ဖွဲ့က တားမြစ်လျှောက်ထားနေစဉ်

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့ဇုန်ဖြစ်နေကြောင်း မကွေးကျောင်းဆရာတော် ဦးပါမောက္ခက  စက်တင်ဘာ ၁၉ ရက်က တောင်ဥက္ကလာပမြို့နယ်တရားရုံး ရှေ့တွင် လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ သည်  တောင်ဥက္ကလာပမြို့နယ် တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်.... မှ တရားလိုအဖြစ် ၂၀၁၅ ခုနှစ်က တရားစွဲဆိုထားသည့် ရာဇသတ်ကြီး အမှုအမှတ် (၁၆၈/ ၂၀၁၈) ရာဇသတ်ကြီးပုဒ်မ ၄၀၆ ဖြင့် မောင် . . . . အား စက်တင်ဘာ ၁၁ ရက် က ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသည်နှင့် ပတ်သက်၍ မတရားချမှတ်ခံရသည်ဟုဆိုကာ တောင်ဥက္ကလာပမြို့နယ် တရားရုံး ရှေ့တွင် လာရောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးသည် ဘုန်းကြီးများအတွက် အဓိက ဖြစ်ကြောင်း၊ တောင်ဥက္ကလာပမြို့နယ် တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်....အား မုန်းခြင်း/ချစ်ခြင်း မရှိကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

“တရားသူကြီးတွေက ဥပဒေအရ ချမှတ်တဲ့ အမိန့်မဟုတ်ပါဘဲနဲ့  တရားသူကြီးရဲ့ ဆင်ခြင်တုံတရားဖြင့်  လုပ်လိုက်လို့ ပြည်သူတွေ ဘဝစပျက်ကုန်ပြီ။ အဲဒီအဖြစ်မျိုးကို  နိုင်ငံတော်သမ္မတကြီးကလည်း သိထားပြီ။ ဒါတွေကို တရားရုံးတွေမှာ ဘုန်းကြီးတို့လို့ လိုက်အော်လိုက်မယ်ဆိုရင် အားလုံးသိသွားမယ်။ သိသွားမယ်ဆိုရင် အခုလို တောင်ဥက္ကလာပမြို့နယ် တရားသူကြီးဒေါ် .... ကို အရေးယူပစ်လိုက်ရင် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုဆိုတာ ရှိသွားမယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုဆိုတာ ဘုန်းကြီးတွေ အတွက် အဓိကပဲ။ တောင်ဥက္ကလာပမြို့နယ် တရားသူကြီးကို မုန်းခြင်း ချစ်ခြင်း မရှိပါဘူး။  မုန်းလို့ လုပ်တာ မဟုတ်ဘူး မြန်မာ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့ဇုန် ဖြစ်နေလို့ ဘုန်းကြီးက ဒါမျိုးလေးတွေ လိုက်အော်ပေးတာပါ”ဟု မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ဦးပါမောက္ခအား တောင်ဥက္ကမြို့မ ရဲ စခန်းမှ စခန်းမှူး၊ မြို့နယ်မှုခင်းတာဝန်ခံတို့  က လာရောက်တားမြစ်လျှောက်ထားခဲ့ ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့နယ် တရားရုံးမှ တရားသူကြီးက ” တရားရုံးကတော့ ဥပဒေနဲ့အညီ အမိန့်ချ လိုက်တာပါ။ တရားရုံးက ဆုံးဖြတ်တာကို မကျေနပ်ရင် အယူခံ အဆင့်ဆင့် ပြင်ဆင် ပြီးတက်နိုင်တဲ့အခွင့်အရေးရှိပါတယ်”  ဟု ပြောကြားသည်။

ဆရာတော် ဦးပါမောက္ခမှာ ယခင်ကလည်း တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး မကြာခဏဆန္ဒထုတ်ဖော်လျက်ရှိသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။