ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း ရပ်ကွက်၊ လူနေအိမ်နှင့် တိုက်ခန်းများ၌ စက်မှုလက်မှုလုပ်ငန်း ၅၉ ခု ရှိပြီး လိုင်စင်စည်းကမ်းနှင့် မညီသည့်လုပ်ငန်း ၂၂ ခု ပိတ်သိမ်းခဲ့

ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း ရပ်ကွက်၊ လူနေအိမ်နှင့် တိုက်ခန်းများ၌ စက်မှုလက်မှုလုပ်ငန်း ၅၉ ခု ရှိပြီး လိုင်စင်စည်းကမ်းနှင့် မညီသည့်လုပ်ငန်း ၂၂ ခု ပိတ်သိမ်းခဲ့
Published 20 September 2018

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ရပ်ကွက်၊ လူနေအိမ်နှင့် တိုက်ခန်းများ၌ အသံ၊ အနံ့ထွက်သော စက်မှုလက်မှုလုပ်ငန်း  ၅၉ ခုရှိပြီး လိုင်စင်စည်းကမ်းနှင့် မညီသည့် လုပ်ငန်း ၂၂ ခု ပိတ်သိမ်းခဲ့ကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးက စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြောကြားသည်။

ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာ (ခ)ဒေါ်သီတာမောင်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေအိမ်များ၊ တိုက်ခန်းများ၊ ရပ်ကွက်များအတွင်း လုပ်ကိုင်နေသော အသံ၊ အနံ့ထွက်သော စက်မှုလက်မှုလုပ်ငန်းများ၊ အခြားလုပ်ငန်းများနှင့် ပတ်သက်၍ ကြီးကြပ်ခြင်းများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းမှုနှင့်ပတ်သက်၍ မြို့တော် ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၈ခုနှစ်အတွင်းမှာ အသံအားဖြင့်ဖြစ်စေ၊ အနံ့အားဖြင့်ဖြစ်စေ လူမှုရေး ပတ်ဝန်းကျင်တွေကို ထိခိုက် အနှောင့်အယှက် ဖြစ်စေမယ့်လုပ်ငန်းတွေကို လိုက်စစ်ဆေးတဲ့အခါမှာ လုပ်ငန်းပေါင်း ၅၉ ခုကို စစ်ဆေး တွေ့ရှိခဲ့ပြီးတော့ လုပ်ငန်း ၂၂ ခုကို  လိုင်စင် စည်းကမ်းသတ်မှတ်ချက်နဲ့ အညီကိုက်ညီမှု မရှိတဲ့အတွက်ကြောင့်  လုပ်ငန်းလိုင်စင်ပိတ်သိမ်းခဲ့ပြီးတော့ ကျန်လုပ်ငန်း ၃၇ ခုမှာ ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်စေရေး အတွက် ပြုပြင်ဆောင်ရွက်ထားခဲ့ပြီးတော့ ပတ်ဝန်းကျင်ထောက်ခံချက်များအရ လိုင်စင်သက်တမ်းတိုးပြီးတော့ ဥပဒေနဲ့အညီ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် လူနေအိမ်များနှင့် ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို လက်တလော အခြေအနေတွင် သက်ဆိုင်ရာဇုန်များတွင် ဖော်ထုတ်နေရာချထားမှု မရှိနိုင်သေးသည့်အတွက် ယင်းလုပ်ငန်းများကို ပတ်ဝန်းကျင် ထောက်ခံချက်ရရှိပါက လိုင်စင်လုပ်ငန်းခွင့်ပြုဆောင်ရွက်ကြောင်း နှင့် ကန့်ကွက်မှုရှိပါက ဆန်းစစ်၍ အမှန်တကယ် အနှောင့်အယှက်ရှိလျှင် လုပ်ငန်းလိုင်စင်ခွင့်မပြုကြောင်း  မြို့တော်ဝန်ကပြောကြားသည်။

“ဒီလုပ်ငန်းတွေကလည်း စက်မှုဇုန်ကြီးတွေမှာ သွားရောက်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းလည်း မရှိကြပါဘူး။ ခွန်အားလည်းမရှိကြပါဘူး။ ဒါကြောင့်မို့လည်း SME နဲ့  ရပ်ကွက်ထဲမှာပဲ နေကြပါတယ်။ဇုန်ကို ရောက်သွားတဲ့သူတွေက ပိုက်ဆံတတ်နိုင်တဲ့တွေဖြစ်ပြီးတော့ လုပ်ငန်းရှင် နည်းပါတယ်။... တကယ်အနှောင့် အယှက် ရှိတာကို စစ်ဆေးတွေ့ရှိရလို့ရှိရင် လုပ်ငန်းလိုင်စင်ကို ခွင့်မပြုတော့ပါဘူး” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် SME လုပ်ငန်းများကိုအခြေခံပြီး တိုးတက်သော်လည်း လုပ်ငန်းများများ ခွင့်ပြုလိုက်ပါက လူနေထိုင်မှုပတ်ဝန်းကျင်ကို ထိခိုက်နိုင်ကြောင်း၊လုပ်ငန်းပိတ်လိုက်ပါက စားဝတ်နေရေး၊ အလုပ်သမားပြဿနာနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်နိုင်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent