နိုင်ငံတော်သမ္မတရုံးက တိုက်ရိုက်တာဝန်ယူသည့် မူးယစ်အထူးသတင်း တိုင်ကြားရေးဌာနသို့ ပြည်သူများက သတင်းပေးပို့ ကူညီနေသော်လည်း ပမာဏကြီးမားသည့် မူးယစ်သတင်းရရှိမှု၊ ဖမ်းဆီးရမိမှု နည်းပါးနေဆဲဖြစ်ကြောင်း အတိုင်ပင်ခံရုံးဝန်ကြီး ပြောကြား

နိုင်ငံတော်သမ္မတရုံးက တိုက်ရိုက်တာဝန်ယူသည့် မူးယစ်အထူးသတင်း တိုင်ကြားရေးဌာနသို့ ပြည်သူများက သတင်းပေးပို့ ကူညီနေသော်လည်း ပမာဏကြီးမားသည့် မူးယစ်သတင်းရရှိမှု၊ ဖမ်းဆီးရမိမှု နည်းပါးနေဆဲဖြစ်ကြောင်း အတိုင်ပင်ခံရုံးဝန်ကြီး ပြောကြား
Published 20 September 2018

နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက်တာဝန်ယူသည့် မူးယစ်အထူးသတင်း တိုင်ကြားရေးဌာနသို့ ပြည်သူများက သတင်းပေးပို့ ကူညီနေသော်လည်း ထုနှင့်ထည်နှင့် ပမာဏကြီးမားသည့် မူးယစ်သတင်းရရှိမှု၊ ဖမ်းဆီးရမိမှု နည်းပါးနေဆဲဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

နေပြည်တော်၌ စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်သမ္မတရုံးကနေ တိုက်ရိုက်တာဝန်ယူတဲ့ မူးယစ်အထူးသတင်း တိုင်ကြားရေးဌာနကို ပြည်သူတွေက အစဉ်အမြဲသတင်းတွေ ပေးပို့ပြီး ကူညီပံပိုးနေကြတာကို အားရဖွယ် တွေ့မြင်နေရပါတယ်။ ဒါပေမဲ့လည်း ထုနဲ့ထည်နဲ့ ပမာဏကြီးမားတဲ့ မူးယစ်သတင်းတွေ ရရှိမှု၊ ဖမ်းဆီးရမိမှုတွေ နည်းပါးနေတုန်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

မူးယစ်အထူးသတင်း တိုင်ကြားရေးဌာနကို စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၇ ရက်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်အထိ တိုင်ကြားပေးပို့လာသည့် တိုင်ကြားမှု စုစုပေါင်း ၆၉၈ မှုအနက် အမှုပေါင်း ၅၁၄ မှုကို စုံစမ်းဖော်ထုတ်ခဲ့ရာတွင် ဖော်ထုတ် ဖမ်းဆီးရမိမှုမှာ ၁၇၄ မှုဖြစ်ကြောင်း၊ တရားခံ ကျား ၃၅၆ ဦး၊ မ ၇၀ ဦး၊ စုစုပေါင်း ၄၂၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ ၂၆၂၆ ဒသမ ၉၇ ဂရမ်၊ ICE ၁၆ ဒသမ ၇၁ ဂရမ်၊ ဘိန်း ၃၄၈၉၆ ဒသမ ၈၅ ဂရမ်၊ စိတ်ကြွဆေးပြား စုစုပေါင်း ၁၄၄၇၈၁ ပြား၊ ဆေးခြောက် ၃၃၅၆ ဒသမ ၇၄ ဂရမ်၊ သေနတ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၁၇၉ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ သုံးစွဲသူများအား ဆေးကုသပေးရေး၊ အသိပညာပေးရေး၊ ကူညီထောက်ပံ့မှုများပေးရေး၊ ကောင်းမွန်သည့် လူမှုဘဝသို့ ပြန်လည်ရောက်ရှိစေရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်စေရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရေးတို့အတွက် မူးယစ်ဗဟိုမှ တိုက်ရိုက်ကြီးကြပ်သည့် လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း သုံးခုနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကြီးကြပ်သော ပြန်လည်ထူထောင်ရေးစခန်း ကိုးခုတို့ကို ဖွင့်လှစ်ပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် တရားဥပဒေ စိုးမိုးရေးအတွက် အဓိကအရေးပါသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအဆင့်မြှင့်တင်တိုးချဲ့ခြင်း၊ ခေတ်မီလက်နက်များ ပြောင်းလဲတပ်ဆင်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မှုခင်းသုံးနည်းပညာပစ္စည်းများ၊ DNA ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ လုံခြုံရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသွင်ကူးပြောင်းခဲ့သည့်နိုင်ငံများ၏ ဖြစ်စဉ်များကို လေ့လာသုံးသပ်ချက်အရ တရားဥပဒေစိုးမိုးမှု ခိုင်မာအောင် တည်ဆောက်နိုင်ရန် အနည်းဆုံး ပျမ်းမျှ ၁၀ နှစ်အထိ အချိန်ယူရသည်ဆိုသည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး လုံခြုံအေးချမ်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြရန် တရားဥပဒေစိုးမိုးမှု ခိုင်မာအားကောင်းသည့် လူ့ဘောင်အဖွဲ့အစည်း အတွင်းတွင် နေထိုင်ရှင်သန်နိုင်ရန် အရှိန်အဟုန်မြှင့်ပြီး ရေရှည်ကြိုးပမ်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

Most Read

Most Recent