ဆေးပညာရပ် နယ်ပယ်အသီးသီး၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၁၅၀၀ ခွဲဝေပေး

ဆေးပညာရပ် နယ်ပယ်အသီးသီး၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၁၅၀၀ ခွဲဝေပေး
Published 20 September 2018

ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာနကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ဆေးပညာရပ် နယ်ပယ်အသီးသီး၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေ ကျပ်သန်း ၁၅၀၀ ခွဲဝေချထားပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက သုတေသနရန်ပုံငွေအဖြစ် ကျပ်သန်း ၁၀၀၀ ခွဲဝေချထားနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် (ဧပြီမှ စက်တင်ဘာအထိ) ကို ဘဏ္ဍာငွေကျပ် သန်း ၅၀၀ ခွဲဝေချထားပေးခဲ့ကြောင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များပြီး အချိန်တိုအတွင်း လက်တွေ့အကျိုးရလဒ်ရရှိရန် ခက်ခဲသော Basic Research များပြုလုပ်ခြင်းထက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ တိုင်းရင်းဆေး၊ အားကစားစသည်ဖြင့် လုပ်ငန်းများတွင် လက်တွေ့ ပြန်လည်အသုံးချနိုင်မည့် သုတေသနများ ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးကဏ္ဍက အဓိကအားဖြင့် ကုသရေး၊ ရောဂါကာကွယ်ရေး၊ နှိမ်နင်းရေးအပိုင်းတွေမှာ ကျန်းမာရေးအသုံးစရိတ်ကို အဓိက အသုံးပြုနေတာဖြစ်တဲ့အတွက် သုတေသနပိုင်းမှာ အသုံးစရိတ်တွေကို မှန်းသလောက် မပေးနိုင်ခဲ့ပါဘူး။ သို့သော်လည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကစပြီး သုတေသနလုပ်ငန်းတွေအတွက် အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲပေးခဲ့တာ တစ်ရာခိုင်နှုန်းအောက် ရနေရာကနေ တစ်ရာခိုင်နှုန်းနဲ့ နှစ်ရာခိုင်နှုန်းကြား ရလာတယ်။ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က သုတေသန ထောက်ပံ့ကြေးတွေနဲ့ ပတ်သက်ပြီး ကျပ်ငွေ တစ်ဘီလျံ (ကျပ်သန်း ၁၀၀၀) ပေးခဲ့တယ်။ အဓိက,ကတော့ ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်တွေဖြစ်တဲ့ ဆေးတက္ကသိုလ်တွေနဲ့ ဆေးဘက်ဆိုင်ရာ နှီးနွှယ်တက္ကသိုလ် စုစုပေါင်း ၁၆ ခု ရှိပါတယ်။ အဲဒီ ၁၆ ခုမှာ သုတေသနဆောင်ရွက်နေကြတဲ့ ပညာရှင်တွေ၊ သူတို့ရဲ့ သုတေသနစာတမ်းတွေအတွက် ဒါကိုဦးတည်ပြီးတော့ ပေးတဲ့အတွက် ဒီရန်ပုံငွေကို တက္ကသိုလ် ၁၆ ခုက သုတေသီတွေကို ခွဲဝေထောက်ပံ့ပါတယ်။ ဝန်ကြီးဌာန အနေနဲ့ ဒီနှစ်မှာလည်း သုတေသနလုပ်ငန်းတွေအတွက် ရန်ပုံငွေကျပ်သန်း ၁၅၀၀ အထိ တိုးပေးထားပြီး လက်တွေ့ပြန်လည်အသုံးချလို့ရနိုင်မယ့် သုတေသနတွေကို ပိုမိုပြုလုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဆေးသုတေသနဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် လျော်ညီသော အသုံးဝင်ထိရောက်သော၊ အရည်အသွေးပြည့်မီသော သုတေသနလုပ်ငန်းများကို ရွေးချယ် ထောက်ပံ့နိုင်ရန်အတွက် သုတေသန အဆိုပြုလွှာများကို ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ ရွေးချယ်ထောက်ပံ့နိုင်မည့်အဖွဲ့ကို ၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက် ရက်စွဲပါစာအမှတ် (၃၃/ ၂၀၁၇) ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent