မဟာဗန္ဓုလပန်းခြံတွင် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုခဲ့သူသုံးဦးအား ပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေ ကျပ် ၂၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက်ကျခံစေရန် အမိန့်ချ

မဟာဗန္ဓုလပန်းခြံတွင် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုခဲ့သူသုံးဦးအား ပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေ ကျပ် ၂၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက်ကျခံစေရန် အမိန့်ချ
Published 20 September 2018

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုခဲ့မှုကြောင့် ပုဒ်မ-၁၉ ဖြင့် အမိန့်ချမှတ်ခံရသူသုံးဦးကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသု)

ကျောက်တံတားမြို့နယ် တရားရုံးက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုခဲ့သူ သုံးဦးအား ငြိမ်း၊ စု၊ စီ  ပုဒ်မ-၁၉ ဖြင့် ဒဏ်ငွေ၂၀၀၀၀ (သို့မဟုတ်)ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် စက်တင်ဘာ ၁၉ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချခံခဲ့ရသည့် ငြိမ်းချမ်းရေးကဗျာ ရွတ်ဆိုခဲ့သူများမှာ ကိုဇေယျာလွင်၊ ကိုရွှေကြယ်မိုး (ခ) ရဲဝင့်အောင်နှင့် ကိုခန့်မင်းထက် တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ အမိန့်ချမှတ်မှုအား ကိုရွှေကြယ်မိုး (ခ) ရဲဝင့်အောင်နှင့် ကိုခန့်မင်းထက်တို့မှာ တရားရုံးသို့ ငွေဒဏ်ကျပ်၂၀၀၀၀ ဆောင်ပြီး ၎င်းတို့အနက် ကိုဇေယျာလွင်မှာ ငွေဒဏ်စား  ထောင်ဒဏ် ၁၅ ရက်ကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။

“အမိန့်နဲ့ပတ်သက်လို့တော့ ကျွန်တော်နဲ့ ကိုခန့်မင်းထက်နဲ့က ကဗျာဆရာရဲ့ ရပ်တည်မှုအရ ငွေဒဏ်ကို ဆောင်ခဲ့ပါတယ်။ ကိုဇေယျာလွင်ကတော့ နိုင်ငံရေးရပ်တည်ချက်နဲ့ ထောင်ဒဏ်ကို ရွေးချယ်ခဲ့ပါတယ်” ဟု ကိုရွှေကြယ်မိုး (ခ) ရဲဝင့်အောင်က ပြောကြားသည်။

ကိုဇေယျာလွင်အနေဖြင့် ထောင်ဒဏ်ကို ရွေးချယ်ရခြင်းမှာ ယခုကဲ့သို့ အမိန့်ချမှတ်မှုသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးကို စော်ကားသည်ဟု ၎င်းအနေဖြင့် ယူဆခြင်း၊  တရားစီရင်ရေးစနစ် ပျက်ယွင်းနေသည်ဟု ယူဆ ခြင်းနှင့် နိုင်ငံသားတစ်ယောက်အနေဖြင့် လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ကန့်သတ်ခံရသည်ဟု ယူဆသည့်အတွက် ထောင်ဒဏ်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရားသူကြီးကတော့ ငွေဒဏ်နဲ့ ထောင်ဒဏ်ကို ရွေးချယ်ခွင့်ပေးပါတယ်။ ကျွန်တော်တစ်ဦးတည်း သဘောထားနဲ့ကတော့ ထောင်ဒဏ်ကို ရွေးချယ်ခဲ့ပါတယ်။ ဘာလို့လဲ ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုဟာ ဘုန်းဘုန်းလဲနေပြီဆိုတာ ပြသချင်လို့ပါ။ ဒီအခြေအနေမှာ ဒဏ်ငွေဆောင်ရုံနဲ့ တရားဥပဒေကို အထောက်အပံ့ မပေးချင်ပါဘူး။ ဒဏ်ငွေဆောင်ခဲ့တဲ့သူတွေကိုလည်း တရားဥပဒေကို အထောက်အပံ့ပေးတယ်လို့ မဆိုချင်ပါဘူး။ သူတို့မှာလဲ သူတို့ရပ်တည်ချက်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိပါတယ်။ကျွန်တော်အနေနဲ့က နိုင်ငံရေးရပ်တည်ချက်နဲ့ရော လွတ်လပ်စွာပြောဆိုမှုအပေါ်မှာ ရပ်တည်တဲ့အနေနဲ့ပါ ငွေဒဏ်ကို မဆောင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ကိုဇေယျာလွင်က ဆိုသည်။

ပြီးခဲ့သည့် မေ ၁၄ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ငြိမ်းချမ်းရေးကဗျာ ရွတ်ဆိုပွဲအားပြုလုပ်ခဲ့ပြီး ထိုသို့ လုပ်ဆောင်ခဲ့သူများအနက် ကိုရွှေကြယ်မိုး (ခ) ရဲဝင့်အောင်နှင့် ကိုခန့်မင်းထက်တို့မှာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာမှ  ငြိမ်း၊ စု၊ စီ ပုဒ်မ-၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent