ရွှေဈေး အဆမတန်မြင့်တက်မှုကြောင့် မုံရွာမြို့ရှိရွှေဆိုင်များတွင် ရွှေဝယ်သူနည်းနေပြီး ပြန်လည်ရောင်းချသူ များလာ

ရွှေဈေး အဆမတန်မြင့်တက်မှုကြောင့် မုံရွာမြို့ရှိရွှေဆိုင်များတွင် ရွှေဝယ်သူနည်းနေပြီး ပြန်လည်ရောင်းချသူ များလာ
Published 20 September 2018

မုံရွာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဝယ်ယူသူများနှင့် ရောင်းချသူများအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၌ ရွှေဈေးနှုန်း အဆမတန်မြင့်လာမှုကြောင့် မုံရွာမြို့ရှိ ရွှေဆိုင်များတွင် ဝယ်ယူသူ နည်းပါးသွားပြီး ပြန်လည်ရောင်းချသူ များပြားလာကာ ရွှေ ဝယ်ယူမှု ရာခိုင်နှုန်း ၅၀ အထိ ကျဆင်းသွားကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောကြားသည်။

ထို့ပြင် ရွှေဝယ်ယူထားသည့် ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးစရိတ် ချေးငွေပြန်လည် ပေးဆပ်ရမည်ဆိုသောကြောင့် ဝယ်ယူထားသည့် ရွှေများကို မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များသို့ လာရောက်ရောင်းချကြကြောင်း၊ ရွှေ ဈေးနှုန်းတက်ချိန်တွင် ရွှေပြန်လည်ရောင်းချသူများအတွက် တွက်ခြေကိုက်ကြောင်း မုံရွာမြို့ မြသိင်္ဂီရွှေဆိုင်ပိုင်ရှင် ဦးကျော်ကျော်ဝင်းက ဆိုသည်။

“မုံရွာတစ်ခုလုံးနဲ့ ပြောမယ်ဆိုရင်တော့ ရွှေအရောင်းအဝယ်က အေးသွားတယ်။ ၅၀ ရာခိုင်နှုန်းလောက်အထိ ရွှေအရောင်းအဝယ်က လျော့ကျသွားတယ်။ ရွှေဝယ်တဲ့သူနဲ့ ရွှေ ပြန်ရောင်းကြတဲ့သူတွေရဲ့ အနေအထားကတော့ ရွှေပြန်ရောင်းတဲ့သူကလည်း ပြန်ရောင်းချတယ်။ စိုက်စရိတ်နဲ့ စိုက်ပျိုးရေးချေးငွေ ပြန်ဆပ်ရမှာကြောင့် ရွှေပြန်ရောင်းတာများတယ်။ အခုလောလောဆယ်မှာတော့ ရွှေပြန်ရောင်းကြတဲ့သူတွေက ပိုများတယ်။ ရွှေဝယ်ယူသူက နည်းတယ်။ ရွှေဈေးတက်လာတော့ ရွှေရောင်းတဲ့သူတွေအတွက် ကိုက်ပါတယ်။ ဒီအချိန်ကတော့ ရွှေဆိုင်တိုင်းမှာ ဝယ်ယူသူတွေ နည်းပါတယ်”  ဟု မုံရွာမြို့ မြသိင်္ဂီရွှေဆိုင်ပိုင်ရှင်ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ရွှေဈေးတက်သွားသည့်အပေါ် ရွှေဆိုင်များတွင် ရွှေအရောင်းအဝယ်ကျဆင်းသွားပြီး ငွေရေးကြေးရေးချမ်းသာသည့် လူပုဂ္ဂိုလ်များသည် ရွှေဝယ်မှုများလည်း ရှိနေသေးကြောင်း၊ ရွှေဈေးနှုန်းသည် ယခင်နှစ်ကထက် ဈေးနှုန်းမြင့်တက်သွားမှုကြောင့် ရွှေဆိုင်များတွင် အရောင်းအဝယ်နည်းပါးသွားကြောင်း မုံရွာမြို့ ဝင်းရတနာရွှေဆိုင်မှ ကိုကျော်သူဝင်းက ဆိုသည်။

မုံရွာမြို့ပေါ်တွင် ရွှေဆိုင် ၄၀ ကျော်ရှိပြီး စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက မီးလင်း ရွှေတစ်ကျပ်သား ကျပ် ၁၀၀၅၀၀၀၊ ၁၅ ပဲ ရည် တစ်ကျပ်သား ကျပ် ၉၄၆၀၀၀၊ ဒင်္ဂါး ၁၄ ပဲ ၂ ပြား တစ်ကျပ်သား  ကျပ် ၉၁၄၀၀၀၊ ၁၄ ပဲရည် တစ်ကျပ်သား ကျပ် ၈၉၀၀၀၀ ရွှေဈေး ပေါက်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီအထိ ရွှေဈေးနှုန်းပေါက်ဈေးမှာ မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀၁၂၀၀၀၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၉၅၂၅၀၀၊ဒင်္ဂါး ၁၄ ပဲ၂ ပြား တစ်ကျပ်သားလျှင် ကျပ် ၉၂၀၀၀၀၊ ၁၄ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၉၀၀၀၀၀ အထိ ရွှေဈေး တက်သွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent