စီရော်နယ်လ်ဒိုကို မကြောက်ဟု ဗလင်စီယာနည်းပြ မာဆယ်လီနို ပြောကြား

စီရော်နယ်လ်ဒိုကို မကြောက်ဟု ဗလင်စီယာနည်းပြ မာဆယ်လီနို ပြောကြား
Published 19 September 2018

Photo: Marca

ဗလင်စီယာအသင်းနည်းပြ မာဆယ်လီနိုက ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို မကြောက်ကြောင်း ပြောကြားခဲ့သည်။

ဗလင်စီယာအသင်းသည် စက်တင်ဘာလ (၂၀) ရက်တွင် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းတွင်လက်ခံကစားရမည်ဖြစ်သည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့အတွင်း ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းတွင်ကစားစဉ်က ဗလင်စီယာနှင့် တွေ့ဆုံခဲ့သည့် (၁၇)ပွဲတွင် (၁၅) ဂိုးအထိသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

သို့သော်မာဆယ်လီနိုက ဂျူဗင်တပ်စ်အသင်းမှာ အသင်းကောင်းဖြစ်သော်လည်း ပြည်တွင်းလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာမတူကြောင်းပြောကြားခဲ့သည်။

မာဆယ်လီနိုက ''ဂျူဗင်တပ်စ်ဟာ အီတလီမှာ အကောင်းဆုံးအသင်းဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူတို့ရဲ့ရလဒ်တွေကလည်း အကောင်းဆုံးအသင်းဆိုတာကို သက်သေပြပြီးသားပါ။ ဒါပေမဲ့ ပြည်တွင်းနဲ့ ဥရောပမှာ ကစားတာချင်းက မတူပါဘူး။ ဂျူဗင်တပ်စ်ဟာ သမိုင်းကြောင်းကြီးမားပြီး အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ သူတို့အသင်းကိုအနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ စီရော်နယ်လ်ဒိုနဲ့လည်း ကျွန်တော်တို့ ကြိမ်ဖန်များစွာတွေ့ဖူးပါတယ်။ သူဟာ ကျွန်တော်တို့ကို ဒုက္ခပေးခဲ့တာချည်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့ကိုမကြောက်ပါဘူး" ဟုပြောကြားခဲ့သည်။

Photo: Getty Images

စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းတွင် တစ်ရာသီပျမ်းမျှဂိုး (၅၀) အထိသွင်းယူနိုင်ခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းတွင် ဂိုးရရန်ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ဆာဆူအိုလိုအားအနိုင်ရခဲ့သည့် စီးရီးအေပွဲစဉ် (၄)တွင်မှ ဂိုးစတင်သွင်းယူနိုင်ခဲ့သည်။

စီးရီးအေပွဲစဉ် (၄)အပြီးတွင် (၂)ဂိုးသွင်းယူထားသည့် စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းတွင် အဖွင့်ပွဲစဉ် (၃)ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ဖိအားအနည်းငယ် ခံစားခဲ့ရကြောင်း ဝန်ခံသွားခဲ့သည်။

Most Read

Most Recent