ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၃၆နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ပြောင်းလဲနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းနှင့်နီးကပ်သဖြင့် စောင့်ကြည့်ရန်လို

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၃၆နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ပြောင်းလဲနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းနှင့်နီးကပ်သဖြင့် စောင့်ကြည့်ရန်လို
Published 19 September 2018

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ၃၆ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်ပြောင်းလဲနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းနှင့်နီးကပ်သဖြင့် စောင့်ကြည့်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“လက်ရှိတော့ လေဖိအားနည်းရပ်ဝန်း အဖြစ်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ မြန်မာ့ကမ်းရိုးတန်းအနီးမှာ ဖြစ်နေတယ်။ ဒီဟာက နောက် ၃၆နာရီအတွင်းမှာတော့ မုန်တိုင်းငယ် အဖြစ်ရောက်နိုင်တယ်။ ၂၀၊ ၂၁လောက်မှာ အိန္ဒိယနိုင်ငံ ကိုဖြတ်နိုင်တယ်လို့ ခန့်မှန်းရတယ်။ လောလောဆယ်မှာ မြန်မာ့ကမ်းရိုးတန်းနဲ့နီးတဲ့ အတွက်ကြောင့်မို့လို့ စောင့်ကြည့်ရမဲ့အနေ အထားတော့ရှိတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၁၈ ရက် ညနေ ၅နာရီ မိနစ် ၃၀အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာကမ်းရိုးတန်းအနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၃၆)နာရီ အတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း သိရသည်။

စက်တင်ဘာ ၁၉ရက်နေ့ မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင် /မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း ၊ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး၊ လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက် အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent