ကချင်ကို ဂျိန်းဖောဟု သတ်မှတ်ခြင်းသည် ကျန်ကချင်မျိုးနွယ်စုဝင် လူမျိုးများအား စိတ်ဝမ်းကွဲစေကြောင်း ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ သတင်းစာရှင်းလင်း

ကချင်ကို ဂျိန်းဖောဟု သတ်မှတ်ခြင်းသည် ကျန်ကချင်မျိုးနွယ်စုဝင် လူမျိုးများအား စိတ်ဝမ်းကွဲစေကြောင်း ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ သတင်းစာရှင်းလင်း
Published 19 September 2018

ကချင်ကို ဂျိန်းဖောဟု သတ်မှတ်ခြင်းသည် ကျန်ကချင်မျိုးနွယ်စုဝင် လူမျိုးများအား စိတ်ဝမ်းကွဲစေကြောင်း ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များက စက်တင်ဘာ ၁၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းရှင်းလင်းပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း မနောင်အိမ်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကချင်မျိုးနွယ်စုဝင် ခြောက်မျိုးဖြစ်သည့် ဂျိန်းဖော၊ အဇီး၊ လာချိဒ်၊ လော်ဝေါ်၊ ရဝမ်၊ လီဆူ စသည့်လူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှု ခေါင်းဆောင်များ၊ လူမျိုးခေါင်းဆောင်များ၊ နိုင်ငံရေးနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

တက်ရောက်လာသည့် စာပေနှင့် ယဉ်ကျေးမှု ခေါင်းဆောင်များက ကချင်ကို ဂျိန်းဖောဟု သတ်မှတ်ခြင်းသည် ကချင်မျိုးနွယ်စုဝင် လူမျိုးများအပေါ် စိတ်ဝမ်းကွဲစေကြောင်း တညီတညွတ်တည်း ပြောကြားခဲ့သည်။

ဇိုက်ဝါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် ဒုဥက္ကဋ္ဌက “လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကိုသွားပြီး ဒီကိစ္စကို မျိုးနွယ်စုဝင် တိုင်းရင်းသားတွေ အားလုံးတင်ပြကြပါတယ်။ ကျွန်တော်တို့ တင်ပြတာက သုံးချက်ဖြစ်ပါတယ်။ ကချင်လူမျိုးတွေကို နိုင်ငံတော်က သတ်မှတ်တာ သုံးမျိုးလောက် ဖြစ်နေတယ်။ ၁၉၅၅ ခုနှစ်မှာ နိုင်ငံတော်သမ္မတ အထူးအမိန့်နဲ့ ထုတ်ပြန်ချက်မှာ ကချင်မျိုးနွယ်စု ခြောက်မျိုးရှိတယ်။ ၈၃ ခု သန်းခေါင်စာရင်းမှာ ကချင်မျိုးနွယ်စုဝင်ဟာ ၁၂ မျိုး ဖြစ်ပါတယ်။ အခုနောက်ဆုံး ၂၀၀၃ ခုနှစ် လဝက ဝန်ကြီးဌာနက လူဦးရေ ခန့်မှန်းစာရင်း ထုတ်ဖော်တဲ့နေရာမှာ ကချင်+ဂျိန်းဖော= ဂျိန်းဖောဆိုပြီး အဖြေထွက်လာပါတယ်။ ကချင်=ဂျိန်းဖောလို့ သတ်မှတ်ချက်ဟာ ကျန်ကချင်မျိုးနွယ်စု ငါးမျိုးဟာ  ပြည်နယ်သား မဟုတ်တော့တဲ့ အခြေအနေမျိုး သဘောသက်ရောက်တဲ့အတွက် မျိုးနွယ်စုအားလုံးက သဘောတူစွာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ကချင်နှင့် ဂျိန်းဖော ဆိုတာကို အတူတူ ဖြစ်တယ်ဆိုတာ မှားယွင်းနေကြောင်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအဖြေကို မထွက်မချင်း ကျန်တိုင်းရင်းသားတွေ လက်တွဲတောင်းဆို သွားမယ်လို့လည်း ပြောချင်တယ်” ဟု ပြောကြားသည်။

၂၀၁၂ ခုနှစ်က ပြည်သူ့လွှတ်တော်တွင် ယင်းပြဿနာများကို တင်ပြခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက “ကျွန်မ ဒီလူမျိုးကိစ္စ မှားနေပြီဆိုတာ ၂၀၁၀ ရွေးကောက်ပွဲ နယ်မြေသတ်မှတ် ကတည်းကပါ။ ကချင်ပြည်နယ်မှာ လီဆူနဲ့ ရဝမ်ကိုရေးရာဝန်ကြီး ပေးလိုက်တော့ ဒါဟာအခြေခံဥပဒေနဲ့ ဆန့်ကျင်နေပြီဆိုတာ သိရတယ်။ ဖွဲ့စည်းပုံအရ ပြည်နယ်မရရှိပြီးသော လူမျိုး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်မရ လူမျိုးကိုမှ ဝန်ကြီးပေးတဲ့အတွက် ကျွန်မတို့ မိသားစုတွေ မောင်နှမတွေ ကွဲနေပြီလို့ သိလာရတယ်။၂၀၁၂ မှာ နိုင်ငံတော်ဥပဒေခုံရုံးကို လွှတ်တော်ဥက္ကဋ္ဌ လက်မှတ်ထိုးပြီး တင်နိုင်ခဲ့ပါတယ်။ အခြားတိုင်းရင်းသားများက ကျွန်မတို့အတွက် လက်မှတ်ရေးထိုး ပေးခဲ့ပါတယ်။ ခုံရုံးမှာကျေနပ်တဲ့ ဆုံးဖြတ်ချက် မရပေမယ့် ကျွန်မတို့လိုချင်တဲ့ အချက်တွေကတော့ ရရှိခဲ့ပါတယ်။ ခုံရုံးမှာ အစိုးရဘက်က ဖြေရှင်းတော့ သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေက ရွေးကောက်ပွဲကော်မရှင် တင်ပြချက်လို့ပြောပြီး ကော်မရှင်က လဝကရဲ့ တင်ပြချက်ဆိုပြီး ပြောလာပါတယ်။ နောက်ဆုံး ခုံရုံးက သူတို့ဆုံးဖြတ်ဖို့ မရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ ကချင်နှင့် ဂျိန်းဖော ဘယ်အချိန်မှာ အတူတူ ဖြစ်သွားလဲဆိုတာ ခြေရာကောက်နိုင်ခဲ့ပါတယ်။ ၁၉၅၅ မှာ မျိုးနွယ်စု ခြောက်မျိုး သတ်မှတ်ချက် ထွက်ပါတယ်။ ၁၉၈၃ သန်းခေါင်စာရင်းမှာ ၁၂ မျိုးထွက်ပြီး ကချင်ကို လူမျိုးတစ်မျိုးအဖြစ် ဖော်ပြတယ်။ ဒေသအရ ခေါ်တာတွေကို ထည့်ထားတယ်။ စာလုံးပေါင်း အမှားအယွင်းတွေ တွေ့ရတယ်။ ၂၀၁၄ သန်းခေါင်စာရင်း ကောက်တော့ ၁၉၈၃ ကိုအခြေခံပြီး ကောက်တော့ ထပ်မှားတယ်။ ဒါကြောင့် လွှတ်တော်မှာ တိုင်းရင်းသားတွေရဲ့ အကြံပြုချက် ရယူပြီးမှသာ ထုတ်ပြန်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ကချင်နှင့် ဂျိန်းဖောကိုပေါင်းပြီး အတူတူဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ အဲဒီစာရင်းကို ၂၀၁၀ ရွေးကောက်ပွဲမှာ အဲဒါကို သုံးလိုက်တော့ အခုလို အခြေအနေ ဖြစ်လာပါတယ်။ ချင်းနှင့်ကရင်တို့မှာတော့ တိုင်းရင်းသားနာမည် သတ်မှတ်ချက် ပြီးသွားပါပြီ။ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ခဲ့တာက ကချင်ဆိုတာ ဂျိန်းဖောလူမျိုး တစ်ခုတည်း ရည်ညွှန်းတယ်ဆိုတာ ပြဿနာပါ။ ကချင်ဆိုတာ ဂျိန်းဖောလူမျိုး တစ်ခုတည်း မဟုတ်ဘူး။ လူမျိုးတွေအားလုံး ပါတယ်ဆိုတာ အရင်ကရော၊ အခုရော လက်ခံထားပြီးသား ဖြစ်ပါတယ်။ ကချင်ဆိုတာ ဂျိန်းဖော တစ်ခုတည်းဖြစ်တယ် ဆိုတာကို နိုင်ငံတော်က ပယ်ဖျက်လိုက်ရင်တော့ ပိုပြီး လွယ်ကူသွားမှာပါ။ အခုက နိုင်ငံတော်က သတ်မှတ်ချက် မှားနေတာကို တင်ပြတာ” ဟု ဆိုသည်။

ကချင်မျိုးနွယ်စုဝင်များ၏ တိကျမှန်ကန်သော မျိုးနွယ်စု အမည်စာရင်းများကို စိစစ်အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ဆဌမပုံမှန် ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

ကချင်မျိုးနွယ်စု အချင်းချင်းတွင် မျိုးနွယ်ခြောက်ခုသာ လက်ခံကျင့်သုံး နေသော်လည်း အစိုးရ စာရင်းများတွင် စာရင်းအမျိုးမျိုး ရှိနေသဖြင့် ယခုအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။

 

Most Read

Most Recent