ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည့် YBS အရှုံးပေါ်ခြင်းကိစ္စ၊ ပန်းခြံများနှင့် မြေများငှားရမ်းထားမှု အခြေအနေများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က NLD ကိုယ်စားလှယ်များအား တွေ့ဆုံရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည့် YBS အရှုံးပေါ်ခြင်းကိစ္စ၊ ပန်းခြံများနှင့် မြေများငှားရမ်းထားမှု အခြေအနေများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က NLD ကိုယ်စားလှယ်များအား တွေ့ဆုံရှင်းလင်း
Published 19 September 2018

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - Kyaw Kyaw Tun Facebook)

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည့် YBS အရှုံးပေါ်ခြင်းကိစ္စ၊ ပန်းခြံများ၊ မြေများငှားရမ်းခြင်း အခြေအနေများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၁၈ ရက်တွင် တိုင်းဒေသကြီး NLD လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံရှင်းလင်းခဲ့ကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ယခုအစိုးရလက်ထက်၌ အစီရင်ခံစာနှင့် ပတ်သက်ပြီး တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လာရောက်ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ စာရင်းစစ်ကိုလည်း လွတ်လပ်စွာ စစ်ဆေးခွင့် ပြုထားကြောင်း၊ အားနည်းချက်၊ တွေ့ရှိချက်များကိုလည်း လွတ်လပ်စွာ ရေးသားခွင့်ပြုခဲ့ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကတစ်ဆင့် ပြောကြားသည်။

“စာရင်းစစ်ရဲ့ တွေ့ရှိချက်အတိုင်း ရေးတာပေါ့။ တချို့ဟာတွေက စာရင်းစစ်က တစ်နှစ်စာအတိုင်းပဲ ရေးသွားတဲ့အတွက် YBS မှာကျတော့ တစ်နှစ်နဲ့မဖြစ်ဘူး။ သူက ကားအသစ်တွေ ဝယ်ထားတယ်။ ရင်းထားတာက ဘီလျံ ၇၀ ရင်းထားတယ်။ အရင်းကျေကာလက ငါးနှစ်သတ်မှတ်ထားတယ်။ အဲဒီလို သတ်မှတ်ထားတဲ့အတွက် တစ်နှစ်ချင်းစီကတော့ ရှုံးနေမှာပဲ။ ဒီဝင်ငွေအားလုံး ပေါင်းလိုက်ရင် ငါးနှစ်နေရင် အရင်းကျေပြီ။ အဲဒါတွေကို ဝန်ကြီးချုပ်က ရှင်းပြတယ်။ ငါးနှစ်နောက်ပိုင်း ငွေတွေက အသားတင် အမြတ်တွေ ဖြစ်လာမယ်” ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ယင်းအပြင် ငှားရမ်းထားသည့် ပန်းခြံများ၊ မြေများသည် ဒေသပေါက်ဈေးနှင့် ကွာဟနေမှုများသည် ယခင်အစိုးရ လက်ထက်တွင် စာချုပ်ချုပ်ဆိုခဲ့သည့် ကိစ္စများဖြစ်ကြောင်း၊ ယခင်အစိုးရ၏ ကတိကဝတ်များကို နောက်အစိုးရမှ ဆက်လက်ဆောင်ရွက်ရကြောင်း ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

“ဒါတွေက အရင်အစိုးရက ချုပ်ထားတဲ့ စာချုပ်တွေ အခုခေတ်မှာတော့ ဒါကို စာချုပ်ပြန်စစ်ရမယ်။ အစိုးရဆိုတာက ပြောင်းသွားတယ်။ အစိုးရတစ်ရပ်ရဲ့ စာချုပ်တွေက မခိုင်မာဘူးဆိုရင် ရင်းနှီးမြှုပ်နံှသူတွေက ဘယ်သူပဲဖြစ်ဖြစ် မချုပ်ရဲတော့ဘူး။ ဒီလိုဖြစ်မယ်လေ။ အစိုးရဖြစ်တဲ့အတွက် မူဘောင်တွေအရတော့ လုပ်ရမယ်။ အပြင်မှာကတော့ ပြောမှာပဲ။ ကန်တော်ကြီး ငှားထားတာက ဘယ်လောက် ရှိတယ်။ အပြင်နဲ့တွက်ရင် နည်းနေမယ် ဆိုတာကတော့ ပြောမှာပဲ။ စာရင်းစစ်ကတော့ ဒီလိုတွေ့ရှိပေမယ့်  စာချုပ်ဆိုတာ ကတိကဝတ်တွေ ဖြစ်တဲ့အတွက် ရှေ့လူကတိကဝတ်ကို နောက်လူကလည်း ကတိကဝတ်အတိုင်း လုပ်ရတာပဲ” ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ဆက်လက်ပြီး အစိုးရတစ်ရပ်၏ ဆောင်ရွက်ချက်များသည် ပြင်ပလူပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်နှင့် မတူညီကြောင်း၊ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိကြောင်း၊ ယနေ့ တွေ့ဆုံပွဲသည် အဆိုပါကိစ္စများကို ဝန်ကြီးချုပ်က ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

“ဒါမျိုးလေးတွေ လာရှင်းပြတော့ မသိရတဲ့ဟာတွေ သိရတယ်။ နှစ်ဦးနှစ်ဖက် ထိန်းကျောင်းမှုလည်း ကောင်းတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ထို့ပြင် လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ ခွင့်တိုင်ကြားခြင်းနှင့် စည်းကမ်းပိုင်း ထိန်းကျောင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ဆော်သြရေးမှူး ထားရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆော်သြရေးမှူး ဆိုတာက လွှတ်တော်မှာ ခွင့်တိုင်တာကအစ တစ်ခုခု အစည်းအဝေးတွေ အကြောင်းကြားတာဖြစ်ဖြစ် ခရိုင်အလိုက်တွေထားဖို့ သူကတော့ စောင့်ကြည့်တာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ စည်းကမ်းပိုင်းတွေကိုလည်း သူကပဲ ထိန်းကျောင်းမှာပေါ့။ အဲဒါမျိုးထားဖို့ ဝန်ကြီးချုပ်က ပြောတယ်” ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

 

Most Read

Most Recent