လျှပ်စစ်ဖြန့်ဖြူးရာတွင် နိုင်ငံတော်က အရှုံးအတွက် စိုက်ထုတ်ရမှုမရှိလျှင် တစ်နိုင်ငံလုံး လျှပ်စစ်မီးအမြန်ရရှိနိုင်ဟု လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဆို

လျှပ်စစ်ဖြန့်ဖြူးရာတွင် နိုင်ငံတော်က အရှုံးအတွက် စိုက်ထုတ်ရမှုမရှိလျှင် တစ်နိုင်ငံလုံး လျှပ်စစ်မီးအမြန်ရရှိနိုင်ဟု လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဆို
Published 19 September 2018

မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားသုံးစွဲသူသည် လစဉ် လူဦးရေ ၂ သိန်းခန့် တိုးလာနေပြီး လျှပ်စစ်ဖြန့်ဖြူးရာတွင် နိုင်ငံတော်က အရှုံးအတွက်စိုက်ထုတ်ရမှု မရှိလျှင် တစ်နိုင်ငံလုံး လျှပ်စစ်မီးအမြန်ရရှိနိုင်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

နေပြည်တော်၌ စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး လျှပ်စစ်မီတာခတိုးမည့် အခြေအနေများနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အခုက လျှပ်စစ်ဖြန့်ဖြူးရာမှာ တစ်နှစ်ကိုအရှုံး ကျပ် ဘီလျံ ၅၀၀၊ ၆၀၀ လောက်စိုက် ထုတ်သုံးစွဲနေရတယ်။ အဲဒီလိုနှစ်စဉ် စိုက်နေရမယ့်အစား အဲဒီငွေကို အဲဒီနေရာမှာ မစိုက်ရတော့ဘူးဆိုရင် လုံးဝမီးမရှိ အမှောင်ထဲမှာနေရတဲ့ ပြည်သူတွေကို ၁၁ ကေဗီ ဓာတ်အားလိုင်းတွေ မြန်မြန်တပ်ပေးလိုက်နိုင်ရင် တိုင်းပြည်က ရွာတွေအများကြီး မီးလင်းသွားမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် တိုင်းပြည်၌ လစဉ် လျှပ်စစ်ဓာတ်အား သုံးစွဲသူ နှစ်သိန်းဝန်းကျင်ခန့် တိုးနေကြောင်း၊ တစ်လလျှင် လျှပ်စစ်သုံးစွဲသူ ပမာဏတိုးနေသည့်အတွက် လျှပ်စစ်ဝန်ထမ်းဦးရေ တိုးခန့်နိုင်မှသာလျှင် နိုင်နိုင်နင်းနင်း လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတွင် ဝန်ထမ်းခန့်ထားခွင့်ကို ကန့်သတ်ထားသည့်အတွက် မီတာဖတ်ခြင်းနှင့် မီတာစာရွက်ဝေခြင်းတို့ကို ဝန်ထမ်းများက အလျဉ်မီအောင် လုပ်နေရကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

“တိုင်းပြည်မှာ လစဉ် လစဉ် လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့ သူက လစဉ်တိုးတယ်။ တစ်လကို ဦးရေ နှစ်သိန်း ဝန်းကျင်လောက် တိုးတယ်။ မီတာလိုက်ဖတ်ရမယ့် အိမ်၊ မီတာစာရွက် လိုက်ဝေရမယ့် အိမ်ဆိုတာအများ ကြီးတိုးနေတယ်။ တစ်လမှာ အဲဒီလောက် တိုးနေရင် နှစ်အလိုက်ကျတော့ အများကြီး တိုးသွားတယ်။ ဝန်ထမ်းက အိမ်တွေသွားပြီး လိုက်ဆောင်ရွက်ပေးရတာ။ ဒါ့အတွက်ကျတော့ ဝန်ထမ်းက အသုံးပြုသူ ဦးရေတိုးလာတာနဲ့အမျှ သူ့အချိုးကျတိုးမှ ဒီအလုပ်ကို နိုင်နိုင်နင်းနင်း လုပ်နိုင်မယ်။ ကျွန်တော်တို့ ဌာနတွေမှာက ဝန်ထမ်းခန့်ထားခွင့်ကို ကန့်သတ်ထားတဲ့ အကန့်အသတ်တွေ ရှိတယ်။ ဒီဝန်ထမ်းတွေဟာ ဒီအလုပ်ကို လုပ်တာတစ်လလုံး လုပ်ခွင့်ရှိတာ မဟုတ်ဘူး။ မီတာဖတ်ခြင်း၊ မီတာဝေခြင်းကို သူက ငါးရက်အတွင်း လုပ်ရတယ်။ အဲဒီတော့ ဒီကိစ္စတွေ ကို ဒီထက်ကောင်းဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် တစ်နှစ်လျှင် ကျပ် ၅၀၀ ဘီလျံခန့် ရှုံးနေသည့်အတွက် ဓာတ်အားခအား ပြောင်းပြီးကောက်ခံရမည့် အနေအထားရှိကြောင်း ဇူလိုင် ၂၃ ရက်တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုအား ဖြေကြားပြီး လွှတ်တော်မှ ပြန်လည်ထွက်ခွာသည့်အချိန်တွင် လျှပ်စစ်မီတာခများပြောင်းလဲကောက်ခံမည့် အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က “ကျွန်တော်တို့  မီတာခကတော့ ပြောင်းကိုကောက်ရမယ့် အနေအထားရှိပါတယ်။ ဘာကြောင့်ပြောင်းပြီး ကောက်ရလဲဆိုတဲ့ ကိစ္စကတော့ လက်ရှိဓာတ်အား တစ်ယူနစ်ထုတ်တယ်ဆိုရင် ပြည်သူတွေသုံးတဲ့ ဓာတ်အားတစ်ယူနစ် ထုတ်တယ်ဆိုရင်ပဲ တစ်ယူနစ်ရဲ့ ကုန်ကျစရိတ်က ကျပ်  ၉၀၊ ၁၀၀ လောက်ကျနေတာလေ။ ပြီးတော့မှ ပြန်ပြီးဖြန့်ဖြူးရောင်းချတဲ့ အချိန်မှာ ၃၅ ကျပ်၊ ၄၀၊ ၅၀ ကျပ်ဆိုတော့ အစိုးရက အရမ်းရှုံးနေတယ်။ အစိုးရက အရမ်းရှုံးနေတယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲလို့ပြောရင် တစ်တိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူတွေရဲ့ ပိုက်ဆံတွေကိုပဲ အရှုံးခံပြီး သုံးပစ်လိုက်ရတယ်။ တကယ်တမ်းကတော့ ပြည်သူ့ပိုက်ဆံတွေပဲ။ ပြည်သူ့ပိုက်ဆံတွေ ဆုံးရှုံးသွားတာ။ ဒီဆုံးရှုံးသွားတဲ့ ပိုက်ဆံက ဘယ်လောက်လောက်များနေလဲဆိုရင် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်မှာဆိုရင် ကျပ် ဘီလျံ ၅၀၀ လောက်ရှုံးနေတယ်။ ရှုံးတယ်ဆိုတာက အစိုးရက စိုက်ထုတ်ရတာပေါ့။ အစိုးရပိုက်ဆံဆိုတာ ပြည်သူ့ပိုက်ဆံပဲ။ ပြည်သူ့ပိုက်ဆံပဲ ကုန်သွားတာပဲ။ တကယ်တမ်း ပြန်ပြောမယ်ဆိုရင် အဲဒီကျပ် ဘီလျံ ၅၀၀ ဆိုတဲ့ ပမာဏကိုသာ အသုံးပြုမယ်ဆိုရင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀ လောက် ထုတ်နိုင်တဲ့ စက်ရုံကြီး ဆောက်လို့ရတယ်။ မဂ္ဂါဝပ် ၄၀၀ ထုတ်တဲ့ စက်ရုံဟာ နာမည်ကြီး လောပိတစက်ရုံသုံးရုံ၊ လေးရုံလောက်ဆောက်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပြည်သူတွေက လျှပ်စစ်လည်း လိုနေတယ်ပြောတယ်။ လိုတဲ့လျှပ်စစ်ကို ထုတ်ပေးဖို့ကျတော့ ဓာတ်အားပေး စက်ရုံဆောက်ရမှာပဲ။ အဲဒီလို ဆောက်ဖို့ကျတော့ ပိုက်ဆံက နှစ်စဉ် ၅၀၀ ဘီလျံလောက်ရှုံးသွားလိုက်ဆိုတော့ မဆောက်နိုင်ဘူးပေါ့နော်။ ဓာတ်အားလိုင်းအသစ်ကြီးတွေ ပြည်သူတွေအတွက် ဆောက်ပေးဖို့လိုတယ်။ လိုတဲ့ဟာကိုလည်း မဆောက်နိုင်လိုက်ဘူး။ မီးမရသေးတဲ့ ပြည်သူတွေက အများကြီး ကျန်သေးတယ်။ အများကြီး ကျန်သေးတော့ သူတို့ရှိတဲ့ အရပ်ဒေသအထိ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ၊ ထရန်စဖော်မာတွေ တပ်ပေးဖို့လိုအပ်တဲ့ ဘတ်ဂျက်က ခုနတုန်းက ဓာတ်အားခတွေမှာသာ စိုက်စိုက်ပြီးသုံးသွားရရင် မီးမရသေး တဲ့သူတွေ မီးရဖို့ အချိန်ပိုကြာတာပေါ့” ဟု ပြောကြားသည်။

 

Most Read

Most Recent