ဘားအံအကျဉ်းထောင်ဖောက် ထွက်ပြေးလွတ်မြောက်သူ အကျဉ်းသား ၄၁ ဦး အနက် ၂၂ ဦး ပြန်လည် ဖမ်းဆီးရရှိပြီး ကျန်ရှိတရားခံများ ဖမ်းဆီးရရှိနိုင်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ ဆောင်ရွက်လျက်ရှိ

ဘားအံအကျဉ်းထောင်ဖောက် ထွက်ပြေးလွတ်မြောက်သူ အကျဉ်းသား ၄၁ ဦး အနက် ၂၂ ဦး ပြန်လည် ဖမ်းဆီးရရှိပြီး ကျန်ရှိတရားခံများ ဖမ်းဆီးရရှိနိုင်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ ဆောင်ရွက်လျက်ရှိ
Published 19 September 2018

ပြန်လည် ဖမ်းဆီးရမိသူများအနက် နှစ်ဦးအား တွေ့ရစဉ်

ဘားအံအကျဉ်းထောင်ဖောက် ထွက်ပြေးလွတ်မြောက်သူ ၄၁ ဦးအနက်၂၂ ဦးမြောက် အကျဉ်းကျတရားခံ ခွန်စိန်သန်းကို စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီ ၁၅ မိနစ်၌ ဘားအံမြို့နယ် အိန္ဒုကျေးရွာအဝင် လမ်းနံဘေး ရော်ဘာတောအတွင်း ခိုအောင်းနေစဉ် ပြန်လည်ဖမ်းဆီးရရှိပြီး ကျန်ရှိအကျဉ်းကျ တရားခံများ ဖမ်းဆီးရရှိရေး အတွက် ပူးပေါင်းတပ်ဖွဲ့ဝင်များက ကွက်ပြည့်နင်း ရှာဖွေလျက်ရှိကြောင်း သိရသည်။

“အိန္ဒုရွာခံတွေရဲ့သတင်းပေးချက်အရ အိန္ဒုရွာအဝင် ရော်ဘာတောအတွင်း ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ချင်းနင်းဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံ စောစိန်သန်းကို ဖမ်းဆီးနိုင်တာဟာ အခင်းဖြစ်ပြီး နှစ်ရက်မြောက်မှာ တရားခံ၂၂ ဦးအထိရှိလာပြီး ကျန်ရှိတရားခံ ၁၉ ဦး ပြန်လည်ဖမ်းဆီးနိုင်ဖို့ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ကွက်ပြည့်နင်း လှုပ်ရှားနေပါတယ်။ မကြာခင် တရားခံအားလုံး ပြန်လည်ဖမ်းဆီးနိုင်မှာ ဖြစ်ပါတယ်” ဟု အိန္ဒုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက အကျဉ်းထောင်ဝင်း၊ ဓမ္မာရုံအနီးရှိ စိုက်ခင်းအတွင်း စုပုံထားသော အမှိုက်များ တင်ဆောင်ရန် အကျဉ်းဝန်ထမ်းယာဉ်မောင်း ဒုတိယကြီးကြပ်ရေးမှူး အဆင့်ရှိ ဦးစိုးဝင်း အသက်(၅၄)နှစ်သည် အပြာရောင် ကင်တာယာဉ်အား ရပ်ထားစဉ် အကျဉ်းသားများက ဦးစိုးဝင်းအား ထိုးကြိတ်ရိုက်နှက်ပြီး ထောင်အတွင်းတံခါး လေးပေါက်အား ကားဖြင့်တိုက်ဖြိုကာ ထွက်ပြေးလွတ်မြောက် ခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလွတ်မြောက်သူ အကျဉ်းသား ၄၁ ဦးမှာ အပြစ်ကျတရားခံ၂၉ ဦး၊ အမူစစ်ဆေးဆဲ အချူပ်သား တရားခံ ၁၂ ဦးပါဝင်ကာ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း အကျဉ်းသား တရားခံ သုံးဦးကို ပြန်လည်ဖမ်းဆီးရရှိပြီး ယင်းနေ့ ညဦးပိုင်းတွင် ထပ်မံ၍ အကျဉ်းတရားခံ ၁၀ ဦးကိုဖမ်းဆီးနိုင်ခဲ့ကာ စက်တင်ဘာ ၁၇ ရက်၌ အကျဉ်းသား တရားခံ သုံးဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် အကျဉ်းသား ခွန်စိန်သန်းအား ဖမ်းဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း အကျဉ်းသားတရားခံ ၂၂ ဦးကိုဖမ်းဆီးနိုင်ပြီဟု သိရသည်။

ဘားအံအကျဉ်းထောင်ဖောက် ထွက်ပြေးလွတ်မြောက်သူ ၄၁ ဦးအနက် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းအထိ အကျဉ်းသား တရားခံ ၂၂  ဦး ပြန်လည်ဖမ်းဆီးရရှိပြီး ကျန်ရှိအကျဉ်းသား တရားခံများ ဖမ်းဆီးရရှိရေးအတွက် ပူးပေါင်းတပ်ဖွဲ့ဝင်များ၊ မိတ်ဘက် အဖွဲ့ဝင်များ၊ တပ်မတော်၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည်။

ဘားအံ (တောင်ကလေး) အကျဉ်းထောင်မှ  စက်တင်ဘာ ၁၆ ရက်က ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသားများအား ပုဒ်မသုံးခုဖြင့် ထပ်မံအရေးယူမည်ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မော်တော်ယာဉ်ဖြင့် ထွက်ပြေးသူ အကျဉ်းသား  ၄၁ ဦးနှင့် ထောင်ဘူးဝတွင် ဖမ်းဆီးရမိသူတစ်ဦး အပါအဝင် ထောင်မှထွက်ပြေးခဲ့သည့် အကျဉ်းသား စုစုပေါင်း ၄၂ ဦးဖြစ်ဖြစ်ကြောင်း အကျဉ်းထောင်မှ ထွက်ပြေးသည့် အကျဉ်းသား ၄၂ ဦးကို ဘားအံမြို့နယ် ရဲတပ်ဖွဲ့က စက်မှုဇုန်နယ်မြေ ရဲစခန်းတွင် (ပ) ၃၉/၂၀၁၈၊ ပုဒ်မ ၂၂၄/၁၁၄၊ (ပ)၄၀/၂၀၁၈၊ ပုဒ်မ ၃၃၃၊ (ပ)၄၁/၂၀၁၈ ၊၁၉၆၁ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေတို့ဖြင့် ထပ်မံအမှုဖွင့် အရေးယူပြီး ဖမ်းဆီးရမိသော တရားခံများကို အထူးအမှုစစ်အဖွဲ့ သုံးဖွဲ့ခွဲကာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent