အိန္ဒိယက မြန်မာနိုင်ငံမှ ပဲတန်ချိန်ငါးသိန်းဝယ်ယူရန် Quota သတ်မှတ်ချက်ကို သုံးလအတွင်းသာ တင်သွင်းရန်သတ်မှတ်ခဲ့သော်လည်း စက်တင်ဘာလလယ်အထိ အထူးကုန်စည်ဝယ်ယူခွင့်နှင့် ဆက်လက်ဝယ်ယူလျက်ရှိသဖြင့် ပဲဈေးဆက်လက်မြင့်တက်

အိန္ဒိယက မြန်မာနိုင်ငံမှ ပဲတန်ချိန်ငါးသိန်းဝယ်ယူရန် Quota သတ်မှတ်ချက်ကို သုံးလအတွင်းသာ တင်သွင်းရန်သတ်မှတ်ခဲ့သော်လည်း စက်တင်ဘာလလယ်အထိ အထူးကုန်စည်ဝယ်ယူခွင့်နှင့် ဆက်လက်ဝယ်ယူလျက်ရှိသဖြင့် ပဲဈေးဆက်လက်မြင့်တက်
Published 19 September 2018

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲတန်ချိန်ငါးသိန်းဝယ်ယူရန် Quota သတ်မှတ်ချက်ကို ဇွန်၊ ဇူလိုင်၊ သြဂုတ်အထိ သုံးလအတွင်းသာ တင်သွင်းရန် သတ်မှတ်ခဲ့သော်လည်း စက်တင်ဘာလလယ်အထိ အထူးကုန်စည်ဝယ်ယူခွင့်နှင့် ဆက်လက်ဝယ်ယူလျက်ရှိသဖြင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၆၇၉၀၀၀ အထိ ဆက်လက်မြင့်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

“အိန္ဒိယက ဆက်ဝယ်နေတော့ အခုချိန်မှာ ပဲဈေးက ဆက်တက်နေပါတယ်” ဟု ဘုရင့်နောင်ရှိ ပဲကုန်သည်တစ်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီလဆန်းတွင် အိန္ဒိယနိုင်ငံကပဲ Quota ပြန်လည်သတ်မှတ်ခြင်း မပြုသည့်အတွက် ဧပြီတွင် ကျပ် ၄၅၆၀၀၀၊ မေလတွင် ကျပ် ၃၈၂၀၀၀ အထိ ကျဆင်းခဲ့ပြီး မေ ၄ ရက်တွင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် Quota ကို မတ်ပဲ၊ ပဲတီစိမ်းတန်ချိန် သုံးသိန်းတင်သွင်းရန် ကြေညာလိုက်သည့်အတွက် မတ်ပဲဈေး အနည်းငယ်ပြန်တက်လာရာ ၂၀၁၈ ခုနှစ် ဇွန်လလယ်တွင် ပဲဈေး ငါးသိန်းကျော်အထိ ပြန်တက်လာခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် မတ်ပဲ FAQ ကျပ် ၄၅၅၅၀၀၊ မတ်ပဲ SQ ကျပ် ၆၂၃၀၀၀အထိ ဈေးရှိခဲ့သည်။ စက်တင်ဘာ ၁၀ ရက်က မတ်ပဲ FAQ ကျပ် ၅၀၃၅၀၀၊ မတ်ပဲ SQ ကျပ် ၆၇၆၀၀၀ ဈေးရှိခဲ့ရာမှစက် တင်ဘာ ၁၈ ရက်တွင် မတ်ပဲ FAQ ကျပ် ၅၀၀၀၀၀၊ မတ်ပဲ SQ ကျပ် ၆၇၉၀၀၀ အထိ ဈေးရှိခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်သော ဈေးနှုန်းအချက်အလက်များအရ သိရသည်။

၂၀၁၈ ခုနှစ် သြဂုတ်လအထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ခြောက်သိန်းကျော်သာ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဦးတိုးအောင်မြင့်က ပြောကြားထားသည်။

“သြဂုတ်လအထိ တန်ချိန်ခြောက်သိန်း တင်ပို့ထားပါတယ်။ ပဲတင်ပို့မှုမှာ Market Demand ပေါ်မူတည်ပြီးတော့ မပြည့်လည်း ဈေးတွေကျနေရင် မရောင်းဘဲကိုင်ထားတာ ပိုကောင်းတယ်လေ။ လျာထားချက် ပြည့်မီအောင် ရှုံးရှုံးရောင်းတယ်ဆိုတာမျိုးက  Market Economy မှာ မလုပ်သင့်ဘူးပေါ့” ဟု အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဆိုသည်။

၂၀၁၇ခုနှစ် သြဂုတ်လအတွင်း အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံမှပဲများ အိန္ဒိယနိုင်ငံသို့ တင်ပို့ရာတွင် အခက်အခဲများ တွေ့ကြုံခဲ့ရသည်။ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတန်ချိန်တစ်သန်းကျော် တင်ပို့နိုင်ခဲ့သော်လည်း ဈေးနှုန်းများ ကျဆင်းမှုကြောင့် ပြည်ပတင်ပို့မှုမှာ ဒေါ်လာသန်း ၇၀၀ ကျော်သာ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဦးဆောင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးရာသီတွင် စိုက်ဧကပေါင်း  ၃ ဒသမ  ၈၉ သန်းနှင့်ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧကသန်းပေါင်းဖြင့် စုစုပေါင်း ပဲမျိုးစုံစိုက်ဧရိယာ ဧကသန်းပေါင်း ၁၀ ဒသမ ၉၆သန်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သြဂုတ် ၁၈ ရက်က ပြောကြားသည်။

 

Most Read

Most Recent