စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငါးလတာကာလအတွင်း တရားမဝင်သစ်တန်ချိန် ၅၀၀၀ ကျော်အပါအဝင် တရားခံ ၆၀၀ ကျော်နှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငါးလတာကာလအတွင်း တရားမဝင်သစ်တန်ချိန် ၅၀၀၀ ကျော်အပါအဝင် တရားခံ ၆၀၀ ကျော်နှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
Published 18 September 2018

ဖမ်းဆီးရမိသော တရားမဝင်သစ်များကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ငါးလတာကာလအတွင်း တရားမဝင်သစ်တန်ချိန် ၅၀၀၀ ကျော်အပါ အဝင်တရားခံ ၆၀၀ ကျော်နှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး၏ ပြောပြချက်အရ သိရသည်။

ယခုဖမ်းဆီးရမိမှုသည် တိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှ သြဂုတ်လအထိဖြစ်ပြီး၊ ထို့ပြင် တရားမဝင် ကျွန်းလုံးအရေအတွက်သည် ဖမ်းဆီးရမိမှုမှာ အများဆုံးဖြစ်ကြောင်း၊ ခွဲသားနည်းပါးကြောင်း၊ အခြားသစ်မာဖမ်းဆီးရမိမှုသည် အလုံးအရေအတွက်က နည်းပါးပြီး ခွဲသားအရေအတွက်က ဖမ်းဆီးရမိမှုမှာ ပိုမိုများပြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကတော့ ဧပြီလကနေ စက်တင်ဘာလအထိ ဖြစ်ပါတယ်။ သို့သော်လည်း ဧပြီလကနေ သြဂုတ်လအကုန်အထိ ငါးလတာကာလအတွင်းမှာ ကျွန်းနဲ့သစ်မာ အခြား ၅၃၇၀နဲ့ ကိုးတန်ဖမ်းဆီးရမိပါတယ်။ ကျွန်းမှာဆိုရင် အလုံးကများပါတယ်။ ခွဲသားက နည်းပါတယ်။ အခြားသစ်မာနဲ့ သစ်မျိုးစုံမှာတော့ ခွဲသားကများပြီးတော့ အလုံးအရေအတွက်က နည်းပါတယ်။ ကျွန်းကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ သုံးပေအောက်က အလုံးလေးတွေကို သယ်ကြတာများပါတယ်။ ဒါကြောင့်များတာပါ။ သစ်မာကျတော့ တောထဲမှာပဲ ခွဲစိတ်ပြီးတော့ လှေတွေ၊ မော်တော်တွေကားတွေနဲ့ သယ်ကြတယ်။ ဒီအတွက်ခွဲသားတွေက ပိုပြီးတော့ များတာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှ သြဂုတ်လအထိ စစ်ကိုင်းခရိုင်တွင် ကျွန်း၊ သစ်မာ၊ အခြားတရား မဝင်သစ်တန်ချိန်ပေါင်း ၁၀၆ ဒသမ ၉၇၅၄ တန်၊ ရွှေဘိုခရိုင်တွင် ကျွန်း၊ သစ်မာ၊ အခြား တရားမဝင် သစ်တန်ချိန်ပေါင်း ၃၆၃ ဒသမ ၉၅၉၆ တန်၊ မုံရွာခရိုင်တွင် ကျွန်း၊ သစ်မာ၊ အခြားတရားမဝင် သစ်တန်ချိန်ပေါင်း ၁၀၅၄ ဒသမ ၉၃၀၅ တန်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကသာခရိုင် ကျွန်း၊ သစ်မာ၊ အခြားတရားမဝင် သစ်တန်ချိန်ပေါင်း ၁၅၄၄ ဒသမ ၄၃၈၆ တန်၊ ကလေးခရိုင်တွင် ကျွန်း၊ သစ်မာ၊ အခြားတရားမဝင် သစ်တန်ချိန်ပေါင်း ၁၃၀၅ ဒသမ ၃၉၇၅ တန်၊ မော်လိုက်ခရိုင်တွင် ကျွန်း၊ သစ်မာ၊ အခြားတရားမဝင် သစ်တန်ချိန်ပေါင်း ၅၀၅ ဒသမ ၄၃၃၁ တန်၊ ခန္တီးခရိုင်တွင် ကျွန်း၊ သစ်မာ၊ အခြားတရားမဝင် သစ်တန်ချိန်ပေါင်း ၉၅ ဒသမ ၉၄၆၉ တန်၊ တမူးခရိုင်တွင် ကျွန်း၊ သစ်မာ၊ အခြားတရားမဝင် သစ်တန်ချိန်ပေါင်း ၄၀၁ ဒသမ ၉၀၈၀ တန်၊ စုစုပေါင်း တရားမဝင်သစ်တန်ချိန်ပေါင်း ၅၃၇၉ ဒသမ ၀၀၀၅ တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ဆက်လက်သိရသည်။

တိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ဧပြီလမှသြဂုတ်လအထိ ငါးလတာကာလအတွင်း တရားမဝင်သစ်ခိုးသူဦးရေ ၆၂၁ ဦး၊ ကား ၃၀၃၊ လယ်ထွန်စက် ၁၆ စီး၊ ထော်လာဂျီ ၁၇ စီး၊ ဆိုင်ကယ် ၁၁၄ စီး၊ သုံးဘီးဆိုင်ကယ် ၅၄ စီး၊ စက်လှေနှင့် မော်တော် ၄၄ စီး၊ ဆိုဒ်တွဲ ၁၁ စီး၊ တူမီးသေနတ်နှစ်လက်၊ သစ်စက် ၁၅၁ စက်နှင့် ချိန်းဆော ၆၃ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent