အာဆင်နယ်အသင်း၏ထိပ်ပိုင်းတာဝန်ရှိသူနေရာများ အပြောင်းအလဲဖြစ်

အာဆင်နယ်အသင်း၏ထိပ်ပိုင်းတာဝန်ရှိသူနေရာများ အပြောင်းအလဲဖြစ်
Published 19 September 2018

ဂါဇီဒစ်(အပေါ်)၊ ဆန်လေဟီ(အောက်ဝဲ)နှင့် ဗန်ကိတ်ရှမ်(အောက်ယာ) (Photo: Arsenal FC via Getty Images)

ပရီးမီးယားလိဂ်နာမည်ကြီးကလပ်အသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်း၏ ထိပ်ပိုင်းတာဝန်ရှိသူနေရာများ စက်တင်ဘာ (၁၈)ရက်က အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး အမှုဆောင်ချုပ် ဂါဇီဒစ်မှာ ရာထူးမှနုတ်ထွက်တော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအမှုဆောင်ချုပ်ဖြစ်သူ အီဗန်ဂါဇီဒစ်သည် အစောပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့သည့် အေစီမီလန်အသင်းတွင် ယင်းရာထူးဖြင့်ပင် တာဝန်ထမ်းဆောင် ရန် အောက်တိုဘာ (၃၁)ရက်၌ အသင်းမှထွက်ခွာတော့မည်ဟု အာဆင်နယ်အသင်းက အတည်ပြုကြေညာခဲ့သည်။

အာဆင်နယ်အသင်းသို့ ၂၀၀၈ နိုဝင်ဘာကတည်းက ရောက်ရှိခဲ့သူ ဂါဇီဒစ်သည် အီမရိတ်စ်ကွင်းတွင် စီမံခန့်ခွဲမှုတည်ဆောက်ပုံတစ်ခုကို ဖော်ဆောင်ပေးခဲ့ပြီး ပြီးခဲ့သည့်မေလက အာစင်ဝင်းဂါး၏နေရာတွင် အူနိုင်းအမ်မရီကို အစားထိုးခန့်အပ်ခဲ့ရာ၌ အဓိကဇာတ်ဆောင်ဖြစ်ခဲ့သည်။

(Photo: Arsenal FC via Getty Images)

''ကျွန်တော့်ဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်ပါပဲ။  (၁၀) နှစ်ကြာလာတဲ့အခါမှာ အသင်းက အခုအချိန်မှာ ခေါင်းဆောင်အသစ်၊ စွမ်းအား နဲ့ အိုင်ဒီယာအသစ်တွေနဲ့ ရှေ့ဆက်သင့်ပြီလို့ ယုံကြည်ပါတယ်''ဟု ဂါဇီဒစ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သတင်းများတွင်ဖော်ပြချက်အရ ဂါဇီဒစ်သည် အာဆင်နယ်အသင်းတွင် တစ်နှစ်လစာ ပေါင် (၂.၅)သန်းရရှိခဲ့ပြီး အေစီမီလန်အသင်းတွင်မူ ပေါင် (၃.၆)သန်းအထိ တိုးမြှင့်ရရှိမည်ဟု သိရသည်။

ဂါဇီဒစ်သည် အေစီမီလန်အသင်းတွင် လာမည့် ဒီဇင်ဘာ (၁) ရက်တွင်မှ စတင်တာ ဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဂါဇီဒစ်၏နေရာကို အခြားသူနှစ်ဦးဖြင့် အစားထိုးခဲ့ပြီး အသင်း၏ Head of Football Relations ဖြစ်သူ  ရာအူးလ်ဆန်လေဟီကို Head of Football ရာထူးဖြင့်လည်းကောင်း၊ Chief Commercial Officer ဖြစ်သူ ဗီနိုင်းဗန်ကိတ်ရှမ်ကို Managing Director ရာထူးဖြင့်လည်းကောင်း အသီးသီးခန့်အပ်ခဲ့သည်။

Most Read

Most Recent