တစ်ပတ်အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၅၇ မှုတွင် တရားခံ ၅၂၄ ဦးအား ဖမ်းဆီးရမိကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်

တစ်ပတ်အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၅၇ မှုတွင် တရားခံ ၅၂၄ ဦးအား ဖမ်းဆီးရမိကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်
Published 18 September 2018

တစ်ပတ်အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၅၇ မှုတွင် တရားခံ ၅၂၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားပေးပို့သော သတင်းများကို စီစစ်ဖော်ထုတ် အရေးယူခဲ့သည့်အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ သီးခြားရရှိသော မူးယစ်ဆေးဝါးသတင်းများအပေါ် စိစစ်ဖော်ထုတ်ခြင်း၊ နယ်စပ်ပူးပေါင်း စစ်ဆေးဂိတ်များတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း၊ နယ်မြေရှင်းလင်းခြင်း၊ သတင်းအရ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၉ ရက် မှ ၁၅ ရက်အထိ မူးယစ်အမှုပေါင်း ၃၅၇ မှုတွင် တရားခံကျား ၄၅၃ ဦး၊ မ ၇၁ ဦး စုစုပေါင်း ၅၂၄ ဦးအား ဘိန်းဖြူ ၁၂၂၃၀ ဒသမ ၉၆ ဂရမ်၊ အိုက်စ် ၈၇၁၉၉ ဒသမ ၄၉ ဂရမ်၊ ဘိန်း ၁၃၀၅၁၅ ဒသမ ၅ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၁၁၂ ဒသမ ၉ ဂရမ်၊ ဘိန်းစာမှုန့် ၁၃၀၈၀ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စိတ်ကြွဆေးပြား ၁၀၂၇၉၂၆ ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၂၉ ဒသမ ၇ ဂရမ်၊ ဆေးခြောက် ၈၈၈ ဒသမ ၇ ဂရမ်၊ ဘိန်းဆီခဲ ၃၃ ဒသမ ၂၃ ဂရမ်၊ အက်စ်တက်စီ ဆေးပြား ၈၆၅ ပြား၊ အက်စ်တက်စီ ပုံဆောင်ခဲ ၉၈၀၀ ဂရမ်၊ ကတ်တမင်း ၂၉၀ ဒသမ ၅၃ ဂရမ်၊ ကတ်တမင်းအရည် တစ်လီတာ၊ ကဖင်း ၁၆၈၀၀၀၀ ဂရမ်၊ သေနတ်မျိုးစုံ ခုနစ်လက်၊ ကျည်မျိုးစုံ ငါးတောင့်၊ ကျည်အိမ် တစ်ခုတို့ ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ပိုမို ဖမ်းဆီးရမိနိုင်ရေးနှင့် စပ်လျဉ်းပြီး ပြည်ထဲရေးဝန်ကြီးဌာန နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့် ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ်ဆေးဝါး ရောင်း၊ဝယ်မှုကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့လည်း တိုင်ကြားနိုင်ကြောင်း သိရသည်။

ယင်းသို့ တိုင်ကြားရာတွင် သတင်းပေး တိုင်ကြားသူများ၏ ကိုယ်ရေးအချက်အလက်များကို လှို့ဝှက်ထားမည်ဖြစ်ပြီး ဖမ်းဆီးရမိသည့် တန်ဖိုးပေါ်မူတည်ကာ ဆုကြေးငွေများကိုလည်း သတ်မှတ်ထားကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ကြေညာထားသည်။

Most Read

Most Recent