ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း ဒီဇင်ဘာတွင် စတင်မည်

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း ဒီဇင်ဘာတွင် စတင်မည်
Published 18 September 2018

ရန်ကုန်-ဒလ မြစ်ကူး သမ္ဗာန်ကူးတို့ဆိပ်အား တွေ့ရစဉ်(ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း လာမည့် ဒီဇင်ဘာတွင် စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား၏ ပင်မတံတားပုံစံအား အပြီးသတ် အတည်ပြုပြီးဖြစ်၍ ကိုရီးယားအကြံပေးကုမ္ပဏီမှ တည်ဆောက်မည့် တံတားပုံစံသစ်အား ရေးဆွဲနေခြင်း ဖြစ်သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာနှင့် အကျယ် ၃၇၀ မီတာ ထားရှိရန် အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီး ပင်မတံတား ပုံစံအား ကိုရီးယားအကြံပေးကုမ္ပဏီမှ ရေးဆွဲနေခြင်း ဖြစ်သည်။

“အခုကတော့ ပင်မတံတားပုံစံကို ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာနဲ့ အကျယ် ၃၇၀ မီတာထားရှိဖို့ အပြီးသတ် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာမှာ တံတား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ စတင်ဖို့ စီစဉ်ထားပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက စက်တင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်း၏ ပင်မတံတားပုံစံ ညှိနှိုင်းမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အပြီးသတ်ညှိနှိုှုင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တံတားပုံစံအား အပြီးသတ် ညှိနှိုင်းမှုများပြီးဆုံး၍ ကိုရီးယား Consultant ကုမ္ပဏီမှ ပင်မတံတား ပုံစံအသစ်အား ရေးဆွဲနေကြောင်း သိရသည်။ အဆိုပါ ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးမှာ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် ကိုရီးယားနိုင်ငံမှ ပေးအပ်သည့် ချေးငွေဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးအား အမြန်ဆုံး အကောင်ထည်ဖော်ရန်အတွက် ဇွန် ၁၇ ရက်က ပြည်သူတစ်ထောင်ကျော် ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲအား ဒလမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ တံတားတည်ဆောက်ရန် လွန်ခဲ့သည့် ခြောက်နှစ်ကတည်းက သတင်းများ ထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ တည်ဆောက်ခြင်း မရှိသေးခြင်း၊ တံတား တည်ဆောက်ရန် ဆိပ်ကမ်းလုပ်ငန်းရှင်အချို့နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်ဟု ခံစားနေရသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ဒလမြို့ခံများက ပြောကြားခဲ့သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကန့်ကွက်ခြင်းမရှိဘဲ ဆိပ်ကမ်းလုပ်ငန်းများအား ထိခိုက်မှု မရှိသည့် တံတားပုံစံ တည်ဆောက်ရန်သာ အကြံပြုခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင် က ဇွန် ၁၁ ရက်က ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က “ဒလမြစ်ကူးတံတား တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ကန့်ကွက်ခဲ့တာ မရှိပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တံတား တည်ဆောက်ရေးအတွက် ၂၀၁၂ ခုနှစ်ကစပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဒလ တံတားက ဆိပ်ကမ်းလုပ်ငန်းတွေ လုပ်နေတဲ့ ရေပြင်ဧရိယာကို ကန့်လန့်ဖြတ် ပေါ်ထွက်လာမှာ ဖြစ်လို့ ပင်လယ်ကူး သင်္ဘောတွေ ဝင်ထွက်သွားလာပြီး ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်တဲ့နေရာမှာ ထိခိုက်မှုမရှိသည့် တံတားပုံစံမျိုးကို တည်ဆောက်ဖို့သာ အကြံပြုခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့၏ ကုန်းတွင်းဆိပ်ကမ်းများသည် စုစုပေါင်း ကုန်သေတ္တာကိုင်တွယ်မှု၏ ရာခိုင်နှုန်း ၉၀ ရှိသည့်အတွက် ဆိပ်ကမ်းလုပ်ငန်းများကို ထိခိုက်မည့် တံတားပုံစံ တည်ဆောက်မိပါက ရေကြောင်းကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှုအား ထိခိုက်လာနိုင်ခြင်းကြောင့် ဆိပ်ကမ်းလုပ်ငန်းများအား ထိခိုက်မှုမရှိသည့် တံတားပုံစံအား တည်ဆောက်ရန် အကြံပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent