ပြည်သူလူထု သတင်းမှန်ရရှိရေး Right to Information လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်မည်

ပြည်သူလူထု သတင်းမှန်ရရှိရေး Right to Information လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်မည်
Published 18 September 2018

စက်တင်ဘာ ၁၆ ရက်က ပြည်သူလူထု သတင်းမှန်ရရှိရေး Right to Information လှုပ်ရှားမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်သူလူထု သတင်းမှန်ရရှိရေး Right to Information လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထု သတင်းမှန်ရရှိရေး Right to Information လှုပ်ရှားမှုကို ပထမအကြိမ်အဖြစ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် မဟာဗန္ဓုလပန်းခြံရှေ့တွင် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ဆန္ဒထုတ်ဖော်ခြင်း၊ ပါဖောမန့်များ ပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို သက်ဆိုင်ရာ အာဏာပိုင်များက အစောပိုင်းတွင် ခွင့်မပြုခဲ့ဘဲ ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ်ရန် ခွင့်ပြုခဲ့ကြောင်း၊ လှုပ်ရှားမှုတွင် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသော ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့အား ပြန်လွှတ်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

လှုပ်ရှားမှု ဦးဆောင်သူ တစ်ဦးဖြစ်သော အသံအဖွဲ့မှ ကိုဆောင်းခက “လက်ရှိအချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်လို့ ပြောလိုက်ရင် အွန်လိုင်းမှာ ပြောရင်လည်း ၆၆(ဃ) ရှိတယ်။ မြေပြင်မှာ ဆန္ဒပြမယ်ဟေ့ ဆိုရင် ၁၁ မြို့နယ်အမိန့် ရှိတယ်။ ၁၁ မြို့နယ်ကနေ ကျော်ပြီး စဉ်းစားရင် ဆန္ဒပြမယ်ဟေ့ ဆိုရင် တာမွေ ဟစ်တိုင်ကို ပို့တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်က လက်ရှိအခြေအနေမှာ တော်တော်ကို ဆိုးရွားတဲ့ အခြေအနေတစ်ခု ဖြစ်နေပြီလို့ ပြောချင်တယ်” ဟုပြောကြားသည်။

အမှန်တရား ဖော်ထုတ်ရေးသားသူများကို ထောင်ဒဏ် ချမှတ်ပြီး နှုတ်ပိတ်လိုက်ခြင်းသည် မီဒီယာသမားများ အပါအဝင်၊ ပြည်သူများကိုလည်း အမှန်တရား မဖော်ထုတ်ရဲအောင် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ကြောင်း၊ လှုပ်ရှားမှုများ ပြုလုပ်ခြင်း ရပ်တန့်နေမည် မဟုတ်ဘဲ စတေကာကမ်ပိန်း ကဲ့သို့ လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်သွားရန် ရှိကြောင်း ကိုဆောင်းခက ဆက်လက် ပြောကြားသည်။

ဒုတိယအကြိမ် လှုပ်ရှားမှုတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ ပညာဒါနကျောင်းမှ ကျောင်းသားများနှင့် ပြည်သူများ အပါအဝင် စုစုပေါင်း ၁၅၀ ခန့် ပါဝင်ခဲ့ကြပြီး သတင်းမှန် သိခွင့်ရရှိရေး ဒု့ိအရေး၊ ကိုဝလုံးနှင့် ကိုကျော်စိုးဦး ချက်ချင်းလွှတ် စသည့် ကြွေးကြော်သံများဖြင့် လည်းကောင်း၊ Right to Information စာသားပါ ဗွီနိုင်းများ ကိုင်ဆောင်၍ လည်းကောင်း တောင်းဆိုချက်များ၊ ကြွေးကြော်သံများဖြင့် ပါဖော့မင့်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးဆောင်သူ တစ်ဦးဖြစ်သူ PCJM မှ ကိုသာလွန်ဇောင်းထက်က လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူလူထု၏ အခြေခံ အခွင့်အရေးဖြစ်သော ဒီမိုကရေစီ အခွင့်အရေးဖြစ်သည့် သတင်းအမှန်များ သိခွင့်ရှိဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း၊ အစိုးရထုတ် သတင်းစာများသည် သတင်းအမှန်ကို မသိနိုင်ဘဲ လွတ်လပ်သော ပုဂ္ဂလိက သတင်းမီဒီယာများနှင့် လွတ်လပ်သော သတင်းမီဒီယာသမားများကြောင့်သာ သိနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

PCJM မှ ကိုသာလွန်ဇောင်းထက်က “ပြည်သူလူထုက သတင်းအမှန်တွေ သိခွင့်မရှိရင် ဘယ်လိုမှ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။ အခု နိုဝင်ဘာလမှာဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ လာတော့မယ်။ အဲဒီမှာ ပြည်သူတွေက သူတို့ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရဟာ ဘယ်လောက်ထိ ပြည်သူလူထုအတွက် အလုပ်လုပ်ပေးတယ်။ ဘယ်လောက်ထိ နိုင်ငံအတွက် အလုပ်လုပ်ပေးသလဲ ဆိုတာ အစိုးရထုတ်တဲ့ သတင်းစာတွေကို ဖတ်ပြီးတော့ မသိနိုင်ပါဘူး။ ကျွန်တော်တို့ လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေ၊ လွတ်လပ်တဲ့ ပုဂ္ဂလိက ကိုဝလုံးတို့၊ ကိုကျော်စိုးဦးတို့လို သတင်းသမားတွေကလုပ်မှ သိနိုင်တာပါ။ ဒါကြောင့်မို့ ဒီနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းသမားတွေ အားလုံးအနေနဲ့ ဘယ်နေ့များ ငါတို့ကို ၁၇ (၁) နဲ့ လာဖမ်းမလဲ။ ဘယ်နေ့များ ငါတို့ကို ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ လာဖမ်းမလဲ ဆိုပြီးတော့ နေ့တိုင်း စိုးရိမ်စိတ်နဲ့ နေရတဲ့နိုင်ငံမှာ ဘယ်လိုလုပ် ပြည်သူလူထု က သတင်းအမှန်သိခွင့် ရှိနိုင်ပါဦးမလဲ” ဟု ပြောကြားသည်။

ကြည်နိုင်

Most Read

Most Recent