ကျောက်ဖြူမြို့နယ်မှ တောင်ရှည်ကျေးရွာသားများပိုင် လယ်ကွင်းများ ဆားငန်ရည် ဝင်ရောက်ပြီး ပျက်စီးသွားသည့်အတွက် စားသောက်ရေး ခက်ခဲမည်ကို စိုးရိမ်ကြောင်း ပြောကြား

ကျောက်ဖြူမြို့နယ်မှ တောင်ရှည်ကျေးရွာသားများပိုင် လယ်ကွင်းများ ဆားငန်ရည် ဝင်ရောက်ပြီး ပျက်စီးသွားသည့်အတွက် စားသောက်ရေး ခက်ခဲမည်ကို စိုးရိမ်ကြောင်း ပြောကြား
Published 18 September 2018

တောင်ရှည်ကျေးရွာသားများပိုင် လယ်ကွင်းများသို့ ဆားငန်ရည် ဝင်ရောက်နေစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တောင်ရှည်ကျေးရွာသားများပိုင် လယ်ကွင်းများမှ ဧက ၆၀ ကျော်တို့မှာ ဆားငန်ရည် ဝင်ရောက်ပျက်စီးခဲ့သည့်အတွက် စားသောက်ရေး ခက်ခဲမည်ကို စိုးရိမ်ကြောင်း လယ်သမားများက ပြောကြားသည်။

အဆိုပါ ကျေးရွာသည် ကျောက်ဖြူမြို့နှင့် လေးမိုင်ခန့်ဝေးသော ပင်လယ်ပြင်အတွင်းမှ ကျွန်းငယ်တစ်ခုပေါ်တွင် တည်ရှိသည့် ကျေးရွာဖြစ်ကာ သြဂုတ် ၂၀ ရက်က ပင်လယ်ရေ တားဆီးထားသော တာပေါင်ကျိုးပေါက်သွားသည့်အတွက် စပါးခင်းများသို့ ဆားငန်ရည်များ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ သဘာဝအလျောက် ပျက်စီးခဲ့ခြင်း ဖြစ်သော်လည်း လယ်သမား၏ စိုက်ပျိုးစရိတ်အပြင် ရရှိလာမည့် စပါးများလည်း ပျက်စီးသွားခဲ့ပြီဖြစ်ရာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအစရှိသော ကဏ္ဍပေါင်းစုံတွင် အခက်အခဲများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း လယ်သမားများ က ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦး ဖြစ်သူ ဦးမောင်မောင်က “တောင်ရှည်ကျေးရွာသားတွေ လုပ်ကိုင်ထားတဲ့ စပါးခင်းတွေဟာ အခုဆိုရင် အဖူးတွေ ဖူးနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သြဂုတ်လကုန်ခါနီးက တာပေါင်ကျိုးပြီး စပါးခင်းတွေ ပျက်စီးသွားတဲ့အတွက် စားသောက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးကိစ္စ အ၀၀အတွက် တောင်သူတွေ စိုးရိမ်နေကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စပါးခင်းတွေက ပျက်စီးသွားပြီ ဖြစ်တယ်။ ဒီနှစ်သူတို့အတွက် စပါးမရနိုင်တော့ဘူး။ ဒါကြောင့် တာပေါင်တွေကို ပြန်ဆည်ဖို့နဲ့ လယ်သမားတွေရဲ့ မိသားစုရေရှည် ရပ်တည်နိုင်ရေးတို့အတွက် အခက်အခဲတွေ ရှိတယ်။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အကြောင်းကြား တင်ပြဖို့ လုပ်ဆောင်နေပါတယ်”ဟု ဆိုသည်။

တောင်ရှည်ကျေးရွာသည် အိမ်ခြေ ၆၀ ခန့်ရှိပြီး အများစုမှာ လယ်သမားများဖြစ်ကာ လယ်ဧက ၄၀၀ ကျော်အနက် ဧက ၆၀ ကျော် ပျက်စီးသွားခဲ့ခြင်း ဖြစ်ကာ လုံးဝရိတ်သိမ်း၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သဖြင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းအတွက် ပြည်နယ်အစိုးရအနေဖြင့် ကွင်းဆင်းလေ့လာပြီး အကူအညီများ ပေးစေလိုကြောင်းလည်း လယ်သမားများက ဆိုသည်။

“ပြောချင်တာကတော့ စပါးခင်းတွေဟာ အရိုးတောင် မကျန်သလောက် ဖြစ်သွားတယ်။ ပြန်ပြီး စိုက်ပျိုးဖို့ကလည်း မိုးရာသီက ကုန်သွားပြီဆိုတော့ မဖြစ်နိုင်တော့ဘူး။ သဘာဝအလျောက် ပျက်စီးသွားတယ် ဆိုပေမယ့် ပြည်သူတွေအတွက် အကူအညီတွေ လိုအပ်လာတယ်။ လယ်သမားတွေရဲ့ဘဝတွေ ပျက်စီးသွားမယ့်သဘော ရှိနေတယ်။ ဒါကြောင့် အစိုးရကလည်း လာရောက်လေ့လာ ကွင်းဆင်းစစ်ဆေးပြီး နောက်နောင် ဒီလိုမဖြစ်ဖို့ တာပေါင်တွေကိုလည်း ပြန်လည်ဖို့ပြီး ခိုင်မာအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ဦးမောင်မောင်က ပြောကြားသည်။