သရေခေတ္တရာ ရှေးဟောင်းဇုန် မြို့ရိုးပေါ်တွင် ဖောက်လုပ်ခဲ့သည့် ပြည်-ပေါက်ခေါင်း လမ်းပိုင်းကို ပြင်ဆင်မှုအစား အခြားဇုန်ရှောင်လမ်း အသစ်တစ်ခု ဖောက်လုပ်မည်

သရေခေတ္တရာ ရှေးဟောင်းဇုန် မြို့ရိုးပေါ်တွင် ဖောက်လုပ်ခဲ့သည့် ပြည်-ပေါက်ခေါင်း လမ်းပိုင်းကို ပြင်ဆင်မှုအစား အခြားဇုန်ရှောင်လမ်း အသစ်တစ်ခု ဖောက်လုပ်မည်
Published 18 September 2018

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ်အတွင်းရှိ သရေခေတ္တရာ ရှေးဟောင်းဇုန် မြို့ရိုးပေါ်တွင် ဖောက်လုပ်ခဲ့သည့် ပြည်-ပေါက်ခေါင်း လမ်းပိုင်းကို ပြင်ဆင်မှုအစား အခြားဇုန်ရှောင်လမ်း အသစ်တစ်ခု ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်-ပေါက်ခေါင်း အဝေးပြေးလမ်းပိုင်း တစ်နေရာဖြစ်သည့် သရေခေတ္တရာ ရှေးဟောင်းဇုန် မြို့ရိုးပေါ်ရှိ တစ်မိုင်ခွဲအရှည်ခန့်မှာ ကျဉ်းမြောင်းခြင်းများကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး လမ်းကျဲ့ရန်နှင့် ထပ်ပိုးလွှာခင်းခြင်းများ ပြုလုပ်ရာတွင် ရှေးဟောင်းဇုန် ဥပဒေများဖြင့် ကိုက်ညီခြင်း မရှိ၍ ပြင်ဆင်မှုများအား ရပ်ဆိုင်းထားရပြီး အခြားမြို့ရှောင်လမ်းတစ်ခု ဖောက်လုပ်ရန် တိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်း အဆိုအောင်မြင်ခဲ့သည့်အတွက် မြို့ရှောင်လမ်း ဖောက်လုပ်မည် ဖြစ်ကြောင်း ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျထံက သိရသည်။

“အဆိုအောင်မြင်တဲ့အတွက် တိုင်းထွာခြင်း လုပ်ငန်းတွေကို စတင် လုပ်ဆောင်နေပါပြီ၊ လမ်းချဲ့ခြင်း ထပ်ပိုးလွှာ မလုပ်ဖို့ တားမြစ်ထားတယ်၊ မြို့ရိုးပေါ်မှာရှိတဲ့ လမ်းက ကျဉ်းတဲ့အတွက် ကျောင်းသားတွေနဲ့ ကြံကားတွေ တိုက်တာတွေ ဖြစ်တယ် ၊ ဒါကြောင့် တခြားမြို့ရှောင်လမ်း ဖောက်ဖို့ စီစဉ်ခဲ့ရတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းမြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ လမ်းပန်းစက်မှုဝန်ကြီးမှ ဆောင်ရွက် အကောင်အထည်ဖော်မည်ဟု ကတိပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီလိုလုပ်တာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ နောက်ပိုင်း ကုန်သွယ်စီးပွား တိုးတက်လာရင် ဒီလမ်းက ရှေးဟောင်းမြို့ရိုးပေါ် တည်ထားတဲ့အတွက် ဒီလမ်းက ပိုဆိုးသွားနိုင်သွားတယ်။ အခုလို မြို့ရှောင်လမ်း လုပ်မယ်ဆိုတော့ နိုင်ငံတကာမှာလည်း အမှတ်ရမယ် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ကို သူတို့ ဒီလိုထိန်းတယ် ဆိုတာမျိုး တန်ဖိုးထားကြပါလားဆိုပြီး မြင်လာမယ် ဒေသတွင်း ယာဉ်ငယ်လေးတွေကတော့ သုံးလို့ရမှာပါ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပြည်ဌာနစု) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

ယင်းအသစ်ဖောက်လုပ်မည့် လမ်းပိုင်းမှာ လေးမိုင်ခန့် ရှည်လျားပြီး ၂၀၁၉-၁၉၂၀ ဘတ်ဂျတ်တွင် လုပ်ဆောင်မည် ဖြစ်ကာ နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ဇီးအုပ်ကျေးရွာအနီးမှ ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent