စက်သုံးဆီဈေး သုံးလခွဲအတွင်း ၁၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်ဂါလန် စံချိန်တင်ဈေးနှုန်းများ အနေဖြင့် 92 Ron ၄၅၁၇ ကျပ်၊ 95 Ron ၄၇၄၄ ကျပ်၊ ဒီဇယ် ၄၆၅၃ ကျပ်၊ ပရီမီယံဒီဇယ် ၄၆၉၈ ကျပ်အထိ ရောက်ရှိ

စက်သုံးဆီဈေး သုံးလခွဲအတွင်း ၁၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်ဂါလန် စံချိန်တင်ဈေးနှုန်းများ အနေဖြင့် 92 Ron ၄၅၁၇ ကျပ်၊ 95 Ron ၄၇၄၄ ကျပ်၊ ဒီဇယ် ၄၆၅၃ ကျပ်၊ ပရီမီယံဒီဇယ် ၄၆၉၈ ကျပ်အထိ ရောက်ရှိ
Published 18 September 2018

ပြည်တွင်းစက်သုံးဆီဆိုင်တစ်ခု၏ မြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

စက်သုံးဆီဈေးနှုန်း သုံးလခွဲကာလအတွင်း ၁၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်ဂါလန် စံချိန်တင်ဈေးနှုန်းများ အနေဖြင့် 92 Ron ၄၅၁၇ ကျပ်၊ 95 Ron ၄၇၄၄ ကျပ်၊ ဒီဇယ် ၄၆၅၃ ကျပ်၊ ပရီမီယံဒီဇယ် ၄၆၉၈ ကျပ်အထိ ရောက်ရှိခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ အမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီလက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ၁၀၂၅ ကျပ် (တစ်ဂါလန် ၄၆၅၃ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ၁၀၃၅ ကျပ် (တစ်ဂါလန် ၄၆၉၈ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၉၉၅ ကျပ် (တစ်ဂါလန် ၄၅၁၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၁၀၄၅ ကျပ် (တစ်ဂါလန် ၄၇၄၄ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် ဖြစ်ပေါ်သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက သုံးလကျော်အတွင်း ဒီဇယ် ၁၂ ဒသမ ၆၃ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ 92 Ron ၁၃ ဒသမ ၀၆ ရာခိုင်နှုန်း၊ 95 Ron ၁၂ ဒသမ ၃၆ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက်တိုဘာဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက်တွင် ၇၄ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ်လာ၊ သြဂုတ် ၂၀ ရက်တွင် ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း သြဂုတ် ၃၀ ရက်တွင် ဒေါ်လာ ၇၀ ကျော်အထိ ပြန်တက်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်တွင် ၆၉ ဒေါ်လာဝန်းကျင် ရှိနေသည်။

နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လမှစတင်၍ သိသိသာသာ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ၁၅၆၇ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ် အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု စက်သုံးဆီတင်သွင်းနေသည့် လုပ်ငန်းရှင်များက ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ဈေးနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ခြောက်ရာခိုင်နှုန်းဝန်းကျင် လျော့နည်းခဲ့ပြီး ဒေါ်လာဈေးသည် နှစ်လကျော်အတွင်း ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော စက်တင်ဘာ ၁၄ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဈေးနှုန်း (တစ်စည်) MOPS Price များမှာ 92 Ron ၈၇ ဒသမ ၁၆ ဒေါ်လာ၊ 95 Ron ၈၉ ဒေါ်လာ၊ ဒီဇယ် ၉၁ ဒသမ ၄၁ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၂ ဒသမ ၄၀ ဒေါ်လာတို့ဖြစ်သည်။

Most Read

Most Recent