ဘားအံ အကျဉ်းထောင်မှ ထွက်ပြေးသူ အကျဉ်းသား ၄၁ ဦးအနက် ၁၃ ဦး ဖမ်းဆီးရမိထား

ဘားအံ အကျဉ်းထောင်မှ ထွက်ပြေးသူ အကျဉ်းသား ၄၁ ဦးအနက် ၁၃ ဦး ဖမ်းဆီးရမိထား
Published 17 September 2018

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသူ အကျဉ်းသား ၄၁ ဦးအနက် ၁၃ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ကရင်ပြည်နယ် (တောင်ကလေး) ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက အကျဉ်းထောင်ဝန်ထမ်း ဒုတက ကျော်ဝင်းစိန်အား ထိုးကြိတ်၍ ကားပေါ်မှဆွဲချကာ အဆိုပါ ဝန်ထမ်း မောင်းနှင်သည့် အပြာရောင်ယာဉ်ကို ယူဆောင်၍ ထောင်ဒဏ်လွတ်ရက်မရှိ ပြစ်ဒဏ်ကျနေသော ထောင်ဝင်အမှတ် ဖအ/၁၅/၀၀၃၃၀/က ကျော်မိန်လ(ခ)အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှ၊ ၃၃နှစ်က မောင်းနှင်ပြီး အကျဉ်းထောင်တံခါး လေးဆင့်ကိုတိုက်ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည့် အကျဉ်းသား ၄၁ ဦးအနက် ၁ဝ ဦးပြန်လည် ဖမ်းဆီးရမိခဲ့ပြီး ယူဆောင်သွားသည့် ယာဉ်ကိုလည်း ပြန်လည်တွေ့ရှိခဲ့၍ သိမ်းဆည်းထားပြီဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲမှ ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများကို ကွက်ပြည့်နင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ရဲအုပ်လှဟန်ဦးစီးအဖွဲ့က ဝတုတ်(ခ)စည်သူကျော်၊ စောကျော်ပိ၊ ရဲနောင်ဖြိုး(ခ) သဲမောင်တို့ သုံးဦးကို ဘားအံမြို့နယ် မိဇံကျေးရွာဇရပ်တွင် ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ညနေ ၄ နာရီအချိန်တွင် ရဲတပ်ကြပ် အောင်မျိုးသူနှင့် အဖွဲ့က စောထူး (ခ) ဗီလားကို ဘားအံမြို့၊ မဲဘောင်ဈေးရှိ လက်ဘက်ရည်ဆိုင် တစ်ဆိုင်တွင်လည်းကောင်း၊ ရဲမှူးကြီး တင်ဦး ဦးစီးအဖွဲ့က ညနေ ၄ နာရီ ၄ဝ မိနစ်အချိန်တွင် ထွန်းထွန်းသန်း(ခ) ကိုနေကိုလည်းကောင်း၊ ညနေ ၄ နာရီ မိနစ် ၅ဝ အချိန်တွင် ဝဏ္ဏ(ခ)ဖြိုးတေဇတို့ နှစ်ဦးကို ဘားအံမြို့နယ်၊ နောင်ပလိန်ကျေးရွာတွင်လည်းကောင်း၊ ညနေ ၅ နာရီအချိန် ရဲအုပ်သန်းဇော်မြင့် ဦးစီးအဖွဲ့က ဝင်းအောင်(ခ)မိုးဒီကို ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာတွင် လည်းကောင်း၊ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် ရဲမှူးကြီး တင်ဦး ဦးစီးအဖွဲ့က ပြည်ဟိန်းကို ဘားအံမြို့နယ်၊ နောင်ပလိန် ကျေးရွာတွင် လည်းကောင်း၊ ညနေ ၆ နာရီ မိနစ် ၂၀ အချိန်တွင် ရဲအုပ်ကြည်တိုး ဦးစီးအဖွဲ့က အောင်ဝင်းနှင့် ထွန်းထွန်းဦး တို့နှစ်ဦးကို ဘားအံမြို့နယ်၊ တဝန်ဖန်ရ လယ်ကွင်းထဲမှ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဘားအံ(တောင်ကလေး) အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသား ၄၁ ဦးအနက် ၁၀ ဦးကို ဖမ်းဆီးရမိပြီးနောက် ထပ်မံ၍ သုံးဦး ဖမ်းဆီးရမိခဲ့ခြင်းကြောင့် စုစုေပေါင်း ဖမ်းဆီးရမိသူ ၁၃ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ကျန် တရားခံများကိုလည်း ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Most Read

Most Recent