အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် အခက်အခဲ မဖြစ်စေရေးနှင့် အများပြည်သူ အကျိုးစီးပွားအလို့ငှာ လာဘ်ငွေပေးသူကို အရေးယူရန်မရှိဘဲ သက်သေအဖြစ် တာဝန်ပေးထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် အခက်အခဲ မဖြစ်စေရေးနှင့် အများပြည်သူ အကျိုးစီးပွားအလို့ငှာ လာဘ်ငွေပေးသူကို အရေးယူရန်မရှိဘဲ သက်သေအဖြစ် တာဝန်ပေးထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 17 September 2018

အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဝန်ခံခဲ့သည့် သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် သုံးဦးအား ရုံးထုတ်စဉ်

အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် အခက်အခဲ မဖြစ်စေရေးနှင့် အများပြည်သူအကျိုးစီးပွားအလို့ငှာ လာဘ်ငွေပေးသူကို အရေးယူရန် မရှိဘဲ သက်သေအဖြစ် တာဝန်ပေးထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

စက်တင်ဘာ ၁၆ရက်က ရန်ကုန်မြို့ရှိ  Novotel ဟိုတယ်တွင် Institute for Strategy and Policy – Myanmar က ပြုလုပ်သော ‘ဆင်းရဲခြင်းလွတ်ကင်းအောင်’ ဆိုသည့် စကားဝိုင်းဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဆွေးနွေးသူအဖြစ်ပါဝင်၍ ယင်းစကားဝိုင်းအပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်တွင် ၎င်းက အထက်ပါအတိုင်းပြောကြားသည်။

“အရေးယူဖို့ ကျွန်တော်တို့ ကော်မရှင်အနေနဲ့  အစီအစဉ်မရှိပါဘူး။ ဒီဥစ္စာ ဘာကြောင့်လဲဆိုရင် သူက အဓိကသက်သေ ဖြစ်နေတယ်။ လာဘ်ပေးလာဘ်ယူဆိုတာကလည်း ခင်ဗျားတို့ အားလုံးသိတဲ့အတိုင်းပဲ သူ့ဟာသူ တစ်ဦးချင်းပေးကြတဲ့ကိစ္စ။ အဲဒီအခါမှာ ပေးတဲ့လူက  မဖော်သမျှ ကာလပတ်လုံး ဒီအမှုဟာဖြစ်မြောက်မှာ မဟုတ်ပါဘူး။ အဲဒီ တော့ပေးတဲ့လူကို ကျွန်တော်တို့က သွားအရေးယူလိုက်ရင် အမှုမှန်ပေါ်ပေါက်ရေးအတွက် အခက်အခဲဖြစ်သွားနိုင်ပါတယ်။ အဲဒီတော့ အဲဒီလို အမှုမှန်ပေါ်ပေါက်ရေးအတွက် အခက်အခဲဖြစ်သွားရင် အများပြည်သူ အကျိုးစီးပွားကို ထိခိုက်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က အမှုမှန်ပေါ်ပေါက်ရေးဆိုတဲ့ အများပြည်သူအကျိုးစီးပွားအလို့ငှာ ကျွန်တော်တို့ကသူ့ကို အရေးကြီးတဲ့သက် သေအဖြစ်နဲ့ ကျွန်တော်တို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အောင်ရဲထွေးအမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရဲအုပ်ချစ်ကိုကိုတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုအမှုတွင်  တိုင်းဥပဒေချုပ်အပါအဝင် ခြောက်ဦးအား လာဘ်ငွေနှင့် တံစိုးလက်ဆောင်များပေးသူမှာ တရားခံသန်းထွဋ်အောင်၏ ဖခင်ဦးခင်မောင်လေးဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

တံစိုးလက်ဆောင်ရယူပြီး အောင်ရဲထွေးအမှုကို ရုပ်သိမ်းခွင့်ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးအား တိုင်းတရားလွှတ်တော်တွင် ဆက်လက်တရားစွဲဆို မည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက ပြောကြားထားသည်။

“အခုကတော့ အန်ကယ်တို့ကတော့ အမှုပေါ်အောင်၊ ပေါ်သွားဖို့ ပေါ်ပေါက်အောင်လုပ်ရတဲ့ အနေအထားပဲ ရှိသေးတယ်လေ။ ဆက်လုပ်ရမယ့် အဆင့်တွေ ရှိပါသေးတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

ထို့ပြင် ကော်မရှင်တွင်တာဝန်ထမ်းဆောင်နေသူများ၏ လုံခြုံရေးကို ခြိမ်းခြောက်ခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ထိုမေးမြန်းမှုအပေါ် “ဒီအတွက် ဘာမှစိတ်ပူစရာ မရှိပါဘူး။  လုပ်ငန်းဆိုတာကတော့ ဒီလိုပါပဲ။ လိုအပ်တာရှိတယ်။ မလိုအပ်တဲ့ လူရှိတယ်။ သူ့ဟာသူ ကိုယ့်ဟာကိုယ် သတိထားပြီးတော့  စောင့်ရှောက်တဲ့လူကလည်း စောင့်ရှောက်မှုရှိကြပါတယ်။ သူ့အတိုင်း အတာနဲ့သူပေါ့နော်” ဟု ဦးအောင်ကြည်က ပြောကြားသည်။

ထို့ပြင် မိမိတို့ကော်မရှင်အနေဖြင့် လွတ်လပ်သည်ဟုပြောရသော်လည်း ရာနှုန်းပြည့် မလွတ်လပ်သေးကြောင်း ဦးအောင်ကြည်က ဆိုသည်။

“လွတ်လပ်မှု ရှိပါတယ်။ ရာနှုန်းပြည့် လွတ်လပ်သလားဆိုရင် ကျွန်တော်တို့ရဲ့ ဥပဒေအရ ရာနှုန်းပြည့်လွတ်လပ်တယ်လို့တော့ ပြောမရသေးပါဘူး။ နိုင်ငံတကာစံနှုန်းထားနဲ့ တွက်မယ်ဆိုရင်ပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အတိုင်းအတာအနေနဲ့  လက်ရှိအခင်းအကျင်းနဲ့ဆိုရင် ကျွန်တော်တို့ဟာ အတော်လေး လွတ်လွတ်လပ်လပ်ကိုရှိတယ်။ နိုင်ငံတော်ကလည်း လိုအပ်တဲ့ဥပဒေပြင်ဆင်မှုတွေလည်း  လုပ်ပေးထားတယ်။ လိုအပ်တဲ့ အခွင့်အာဏာတွေလည်း ပေးထားတယ်။ ပြီးတော့မှ အားပေးကူညီမှုတွေလည်း ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့ အနေအထားရှိပါတယ်” ဟု ဦးအောင်ကြည်က ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စိန်ခေါ်မှုများ၊ အခက်အခဲများ အများအပြားရှိကြောင်း ဦးအောင်ကြည်က ဆိုသည်။

Most Read

Most Recent