ကျန်းမာရေး ဝန်ကြီးဌာနက ရေးဆွဲလုပ်ဆောင်လျက်ရှိသော အကျဉ်းသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ICRC က ပူးပေါင်းလုပ်ဆောင်လိုကြောင်း အဆိုပြု

ကျန်းမာရေး ဝန်ကြီးဌာနက ရေးဆွဲလုပ်ဆောင်လျက်ရှိသော အကျဉ်းသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ICRC က ပူးပေါင်းလုပ်ဆောင်လိုကြောင်း အဆိုပြု
Published 16 September 2018

အင်းစိန်အကျဉ်းထောင်ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရေးဆွဲလုပ်ဆောင်လျက်ရှိသော အကျဉ်းသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ပူးပေါင်း လုပ်ဆောင်လိုကြောင်း စက်တင်ဘာ ၁၃ ရက်က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ICRC ၏ ဌာနေကိုယ်စားလှယ် အသစ်တို့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ICRC အနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ် (လားရှိုး)၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများသာမက မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး လုပ်ငန်းများ၊ ဆေးရုံနှင့် ကျန်းမာရေး ဌာနပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ကျန်းမာရေး အဆောက်အအုံပိုင်းဆိုင်ရာ ပံ့ပိုးမှုများ စသည့် ကျန်းမာရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းများလည်း ဆက်လက် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အကျဉ်းထောင်များအတွင်း အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်းပြီး ‘အမျိုးသား အကျဉ်းထောင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၂၁)’ ရေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှုများမှ အလှမ်းဝေးကွာ နေသောကြောင့် ထိခိုက်မှုအရှိဆုံး သူများထဲတွင် အကျဉ်းထောင်များရှိ အကျဉ်းသားများလည်း အပါအဝင်ဖြစ်ပြီး အကျဉ်းသားများ အနေဖြင့် အချို့သော ကျန်းမာရေး စောင့်ရှောက်မှုများ ရယူနိုင်ရန် လိုအပ်ချက်များ ရှိနေကြောင်း၊ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် အကျဉ်းသားဦးရေမှာ ဝင်ဆံ့နိုင်သည်ထက် များနေသည့်အတွက် ကူးစက်ရောဂါများဖြစ်သော တီဘီ၊ HIV၊ အသည်းရောင်အသားဝါ ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေ များပြားလျက်ရှိကြောင်း၊ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် ပိုမိုကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် UNODC အနေဖြင့် UNAIDS, WHO တို့နှင့် ပူးပေါင်းဆောင်ရွက်သော အကျဉ်းထောင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံး လုပ်နည်းများ ရေးဆွဲသည့် လုပ်ငန်းကို 3 MDG (ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ) က ရန်ပုံငွေ အထောက်အပံ့ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ ရေးဆွဲသည့် လုပ်ငန်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ဦးဆောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

3 MDG အနေဖြင့် လက်ရှိ အကျဉ်းထောင်များအတွင်း အသည်းရောင် အသားဝါ၊ အိပ်ချ်အိုင်ဗွီ၊ တီဘီရောဂါများ စစ်ဆေးကုသခြင်း အပါအဝင် လိုအပ်သော ကျန်းမာရေး အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိသည်။ ပြီးခဲ့သည့် ဇွန် ၁၈ ရက်က မြန်မာနိုင်ငံရှိ အကျဉ်း ထောင်များအတွင်း ဆောက်လုပ်ပေးနေသည့် ကျန်းမာရေး အခြေခံ အဆောက်အအုံများအနက် ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ အကျဉ်းထောင်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကျန်းမာရေးဆေးခန်းအား ပြည်ထဲရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ်တွင် လူ့စွမ်းအား အရင်းအမြစ် လိုအပ်မှုနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ရှိနေရာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ကြီးမားနေပြီး ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရန် 3 MDG သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသား ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်း၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ အကျဉ်းဦးစီးဌာနတို့နှင့် ပူးပေါင်းကာ UNODC, UNAIDS, WHO နှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent