မောင်တောဒေသ စုရပ်စခန်းများတွင် ဆေးခန်းဖွင့်လှစ်ခြင်း၊ ဆေးရုံများတွင် ဆေးဝါးထပ်မံ ဖြည့်တင်းခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေး ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်မည်

မောင်တောဒေသ စုရပ်စခန်းများတွင် ဆေးခန်းဖွင့်လှစ်ခြင်း၊ ဆေးရုံများတွင် ဆေးဝါးထပ်မံ ဖြည့်တင်းခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေး ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်မည်
Published 31 August 2017

မောင်တောမြို့နယ် ကျောက်ပန်းတူ ကျေးရွာသားတစ်ဦး ဆေးကုသမှု ခံယူနေသည်ကို သြဂုတ် ၂၉ ရက်က တွေ့ရစဉ်

မောင်တောဒေသ စုရပ်စခန်းများတွင် ဆေးပေးခန်းများဖွင့်လှစ်ခြင်း၊ ဆေးရုံများ တွင် လိုအပ်မည့်ဆေးဝါးများ ထပ်မံဖြည့်တင်း ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရေးကိစ္စများ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဘေးလွတ်ရာ နေရာများသို့ ခေတ္တခိုလှုံလျက်ရှိသော တိုင်းရင်းသားများအား သြဂုတ်၂၉ ရက်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သောအဖွဲ့သည် မောင်တောဒေသအတွင်း ခေတ္တခိုလှုံရာနေရာများရှိ ပြည်သူများအား တွေ့ဆုံ၍ လိုအပ်သောဆေးဝါး၊ စားနပ်ရိက္ခာများကို ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်းခရီးစဉ်အတွင်း ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်က ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ စုရပ်စခန်းများတွင် ဆေးပေးခန်းများ ဖွင့်လှစ်ထားရှိရန်နှင့် လိုအပ်သည့် ဆေးဝါးများ ပံ့ပိုးပေးပြီး ဆေးရုံများအတွက် လိုအပ်မည့်ဆေးဝါးများ ထပ်မံဖြည့်တင်းနိုင်ရေးနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိ မောင်တောမြို့၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ပြီး ဘင်္ဂါလီ အကြမ်းဖက် အစွန်းရောက်များက ကျေးရွာများတွင် မိုင်းထောင်ခြင်း၊ နေအိမ်များ မီးရှို့ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တန်ပြန်တိုက်ခိုက်မှုများ ရှိနေကြောင်း မောင်တောမြို့ဒေသခံများနှင့် ရခိုင်ပြည်နယ်ရှိ The Daily Eleven သတင်းထောက်များ၏ သတင်းပေးပို့ချက်များအရ သိရသည်။

ကိုဖီအာနန်ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ကြေညာအပြီး နောက်တစ်ရက်တွင် ယင်းကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်ပြီး ဘင်္ဂါလီအကြမ်းဖက် အစွန်းရောက်များက မောင်တောမြို့ပေါ်နှင့် တိုင်းရင်းသား ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

လက်ရှိတွင် မောင်တောခရိုင်အတွင်းရှိ မောင်တောမြို့နယ်၌ ဘင်္ဂါလီအကြမ်းဖက် အစွန်းရောက်များ၏ တိုက်ခိုက်မှုများမှာ သြဂုတ် ၃၀ ရက်အထိ ဖြစ်ပွားလျက်ရှိပြီး မောင်တောမြို့ပေါ်ရှိ အစိုးရရုံးများနှင့် ပုဂ္ဂလိကဘဏ်များ၊ ဈေးများ ပိတ်ထားလျက်ရှိကြောင်း ရခိုင်ပြည်နယ်အခြေစိုက် The Daily Eleven သတင်းထောက်များ၏ သတင်းပေးပို့ချက်များအရ သိရသည်။

မောင်တောမြို့ပေါ်တွင် နေထိုင်သူများ အနက် အများစုမှာ ဘင်္ဂါလီလူမျိုးများဖြစ်ပြီး အကြမ်းဖက်ဘင်္ဂါလီအချို့မှ မိမိ၏နေအိမ် များကို မီးရှို့ထွက်ပြေးမှုများဖြစ်ပွားလျက်ရှိ ကြောင်း၊ မီးလောင်မှုကို လာရောက် ငြှိမ်း သတ်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့အား ဂျင်ကလိများ၊ လုပ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ပြုလုပ်လျက်ရှိကြောင်းနှင့် မောင်တောမြို့ရှိ ဘင်္ဂါလီရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်သမားများကို ဝင်ရောက်ရှင်းလင်းခြင်း မပြုနိုင်သေးကြောင်း၊ အဆိုပါ ဘင်္ဂါလီရပ်ကွက်များ၊ ကျေးရွာများ ပတ်လည်တွင် လက်လုပ်မိုင်းများ ထောင်ထားခြင်းကြောင့် အခက်အခဲများ တွေ့နေရခြင်း ဖြစ်ကြောင်း မောင်တောမြို့ ဒေသခံများက ပြောကြားသည်။

Most Read

Most Recent