တိုင်ဖွန်းမုန်တိုင်း မန်းခက်၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများနှင့် အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်

တိုင်ဖွန်းမုန်တိုင်း မန်းခက်၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများနှင့် အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်
Published 16 September 2018

စက်တင်ဘာ ၁၄ ရက်က မိုးရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်တွင် ရေကြီးရေလျှံနေစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ ဖြတ်ကျော်တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း မန်းခက်၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် ယခုလ ၁၈ ရက်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

“မုန်တိုင်းက ဖိလစ်ပိုင်မြောက်ပိုင်းကို ဖြတ်ပြီးတော့ တောင်တရုတ်ပင်လယ်ထဲကို ဆက်ရွေ့လာဦးမယ်။ သူက အပူပိုင်းမုန်တိုင်း အနေနဲ့ ဆက်ရှိမယ်။ တရုတ်ရယ် လာအိုရယ်ကို ဖြတ်ပြီးသွားရင် သူ့ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေက ရှမ်းပြည်နယ်တို့၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ၊ အထက်ပိုင်းဒေသတွေမှာ မိုးရနိုင်တယ်။ စက်တင်ဘာ ၁၈၊ ၁၉ ရက်လောက်မှာ ဖြစ်နိုင်တယ်။ မုန်တိုင်းက အခြားနိုင်ငံတွေ ဖြတ်လာပြီ ဖြစ်တဲ့အတွက် ပြင်းထန်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ လေပြင်းတိုက်တာတွေတော့ အနည်းငယ်ရှိနိုင်တယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

လက်ရှိတွင် မိုးရွာသွန်းနေမှုသည် ဗီယက်နမ်ကမ်းခြေတွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာမှုဖြစ်စဉ်၊ အလယ်ပိုင်းဒေသများတွင် မိုးတိမ်တောင် ဖြစ်စဉ်နှင့် တောင်ပိုင်းဒေသများတွင် မုတ်သုံလေ အားကောင်းမှုကြောင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ဒီအချိန်ကျတော့ မိုးရွာတာက အလယ်ပိုင်းတွေမှာ အနောက်ဘက်ကလာတဲ့ မိုးရွာတဲ့ အနေအထားရှိတယ်။ တောင်ပိုင်းကျတော့ မုတ်သုံကြောင့် မိုးရွာတဲ့ အနေအထားလေးတွေရှိတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်တွင် အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက် မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

 

Most Read

Most Recent