Traffic Control Center မှာ သတ်မှတ်ချိန်အတွင်း ပြီးစီးမှုမရှိသဖြင့် ကုမ္ပဏီထံမှ ဒဏ်ကြေးငွေ ကျပ် ၂၁ သန်း ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဒဏ်ကြေးဆက်လက် ပေးဆောင်ထားမှုမရှိ

Traffic Control Center မှာ သတ်မှတ်ချိန်အတွင်း ပြီးစီးမှုမရှိသဖြင့် ကုမ္ပဏီထံမှ ဒဏ်ကြေးငွေ ကျပ် ၂၁ သန်း ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဒဏ်ကြေးဆက်လက် ပေးဆောင်ထားမှုမရှိ
Published 16 September 2018

ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်ထားသည့် Traffic Control Center ကို တွေ့ရစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)

Traffic Control Center မှာ သတ်မှတ်ချိန်အတွင်း ပြီးစီးမှုမရှိသဖြင့် ကုမ္ပဏီထံမှ ဒဏ်ကြေးငွေ ကျပ် ၂၁ သန်း ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဒဏ်ကြေးဆက်လက် ပေးဆောင်ထားမှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် ခေတ်မီ မီးအချက်ပြစနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ Myanmar Shwe Ying International Co.,Ltd & China Railway 21st Bureau Group Co.,Ltd (China) နှင့် တန်ဖိုးကျပ် ၁၈ ဒသမ ၉၃၈ ဘီလျံဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ရာ သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးမှု မရှိသဖြင့် ဒဏ်ကြေးကျပ် ၂၁ သန်း ရရှိထားပြီး ဖြစ်သော်လည်း လက်ရှိတွင် ဒဏ်ကြေးဆက်လက် ပေးဆောင်ထားမှု မရှိခြင်းနှင့် လုပ်ငန်းပြီးစီးမှု မရှိသေးကြောင်း သိရသည်။

Control Center အပြီးသတ်တွင် တိုင်းဒေသကြီး အစိုးရနှင့် ကုမ္ပဏီကြား အငြင်းပွားမှု ဖြစ်ပွားနေခြင်းကြောင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်မြို့တွင်းရှိ မော်တော်ယာဉ် သွားလာမှုများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ စည်းကမ်းမဲ့ မော်တော်ယာဉ်များကို စောင့်ကြည့်ထိန်းချုပ်ရန်နှင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ရန်အတွက် ရည်ရွယ်ပြီး Control Center ကို ယခင်အစိုးရ လက်ထက်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

မီးပွိုင့်နှင့် Control Center အကြား ဆက်သွယ်ပေးမည့် ကေဘယ်ကြိုးကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် ကုမ္ပဏီကြား အငြင်းပွားနေခြင်းဖြစ်သည်။

“စာရွက်စာတမ်းမှာ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အငြင်းပွားနေတော့ ညှိနှိုင်းနေပါတယ်။ အပြီးသတ်နိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ Control Center သည် သတ်မှတ်ချိန်အတွင်း ပြီးစီးမှုမရှိသဖြင့် ဒဏ်ကြေးအနေဖြင့် တစ်ရက်လျှင် ကျပ်တစ်သိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးဆောင်နေသော်လည်း ဒဏ်ကြေးထက် လုပ်ငန်းပြီးစီးရန်သာ လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒဏ်ကြေးထက် လုပ်ငန်းပြီးဖို့ကိုပဲ လိုချင်တာပါ။ ဒီဟာကြီး အပြီးသတ်သွားမယ်ဆိုရင် ယာဉ်ကြော ကျပ်တည်းတာတွေ၊ ရာဇဝတ်မှု ကိစ္စတွေကို စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ပြီးဖို့ကိုလည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် Control Center ဖြင့် ချိတ်ဆက်ထားသည့် မီးပွိုင့် ၁၅၄ ခုသည် ပျက်စီးမှုများ ရှိနေသဖြင့် ပြန်လည်ပြုပြင်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဒဂုံမြို့နယ်ရှိ Traffic Control Center အား တရုတ်နိုင်ငံအခြေစိုက် CRCC (China Railway Construction Coproration) ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေပြီး အချိန်မီပြီးစီးမှု မရှိသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နှင့် ညှိနှိုင်းနေကြောင်း သိရသည်။

 

Most Read

Most Recent