မန္တလေးမြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းရှိ Myotha National Golf Course ကို စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွင့်လှစ်ကာ နိုင်ငံတကာဖိတ်ခေါ် အမျိုးသမီး Class အသင်း ပြိုင်ပွဲကျင်းပမည်

မန္တလေးမြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းရှိ Myotha National Golf Course ကို စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွင့်လှစ်ကာ နိုင်ငံတကာဖိတ်ခေါ် အမျိုးသမီး Class အသင်း ပြိုင်ပွဲကျင်းပမည်
Published 16 September 2018

အာရှနိုင်ငံများတွင် အကောင်းဆုံး ဂေါက်ကွင်းတစ်ကွင်းအဖြစ် ဖော်ဆောင်ထားသည့် မန္တလေး၊ မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းရှိ ၁၈ ကျင်းပါ Myotha National Golf Course ကို စက်တင်ဘာ ၂၈ ရက်တွင် Soft Opening အဖြစ် စတင်ဖွင့်လှစ်ကာ နိုင်ငံတကာဖိတ်ခေါ် အမျိုးသမီး Class အသင်းပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်း မြေဧက ၁၀၀၀၀ ကျော်တွင် ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေသည့် မန္တလေး၊ မြို့သာစက်မှုဥယျာဉ် စီမံကိန်းနှင့် ဆီမီးခုံဧရာဝတီဆိပ်ကမ်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်သော အဆိုပါ ဂေါက်ကွင်းစီမံကိန်းကို အမေရိကန်နိုင်ငံမှ ပညာရှင်များ ဒီဇိုင်းရေးဆွဲကာ အမေရိကန်နှင့် ထိုင်းနှစ်နိုင်ငံ ပညာရှင်အဖွဲ့များက မြေဧရိယာ ၃၈၀ ဧကပေါ်တွင် အကောင်အထည် ဖော်ထားခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ပညာရှင်အဖွဲ့များကို ဖိတ်ခေါ်ကာ ဂေါက်ကွင်းအဆင့် သတ်မှတ်နိုင်ရန် ရည်ရွယ်စီစဉ်လျက် ရှိသည်ဟု မြို့သာစက်မှုဥယျာဉ် စီမံကိန်း မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။

“အခုတည်ဆောက်မှုအပိုင်းမှာ ၁၈ ကျင်းလုံးရဲ့ အနေအထားအားလုံး ပြီးစီးသွားပါပြီ။ ဟိုတယ်ခရီးသွား၊ အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ MMID ကုမ္ပဏီတို့ ပူးပေါင်းပြီး Soft Opening အနေနဲ့ဖိတ်ခေါ်ပြိုင်ပွဲတစ် ခုပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ Soft Opening မှာ ဒီကွင်းကို ကမ္ဘာပေါ်မှာ နံပါတ် ဘယ်အဆင့်လောက် သတ်မှတ်လို့ရမလဲ ဆိုတာကို သတ်မှတ်လုပ်ဆောင်ပေးတဲ့ အဖွဲ့တွေရှိတယ်။ သူတို့ကို ဖိတ်ခေါ်မယ်၊ လာပြီးတော့ ကစားခိုင်းမယ်၊ အဲဒီလို စီစဉ်နေပါတယ်” ဟု ဒေါက်တာထွန်းထွန်းအောင်က ဆိုသည်။

“ဖိတ်ခေါ်ပြိုင်ပွဲအတွက် အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ထိုင်း၊ ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကိုရီးယားနိုင်ငံတွေက အမျိုးသမီး ၂၄ ယောက် လာရောက်ယှဉ်ပြိုင်ဖို့ရှိတယ်” ဟု မြို့သာစက်မှုဥယျာဉ် ဂေါက်ကွင်းစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဂေါက်ကွင်းအား အောက်တိုဘာလဆန်းမှစတင်၍ စမ်းသပ်ကာလအဖြစ် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များ၌ တစ်ဖွဲ့လျှင် လေးဦးဖြင့် တစ်ရက်လျှင် ၂၈ ဦးသာ ကစားရမည် ဖြစ်ကြောင်း သတ်မှတ်ထားပြီး အင်္ဂါနေ့တိုင်းတွင် ကွင်းပြုပြင်ထိန်းသိမ်းရက်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း၊ စနေ၊ တနင်္ဂနွေရက်များတွင် တစ်ရက်လျှင် ၃၂ ဦး (8 Flight) ကစားနိုင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

“ဒီကွင်းမှာ ဇီရွန်ဆိုတဲ့ မြက်အမျိုးအစားနဲ့ ကွင်းဖော်တာဆိုတော့ မြန်မာမှာ ပထမဆုံးဖြစ်သလို အဲဒီမြက် အမျိုးအစားကို အသုံးပြုထားတာ အာရှနိုင်ငံတွေမှာတောင် သိပ်မရှိပါဘူး။ ပြီးတော့ ဒီကွင်းတည်ဆောက် ထားတာကလည်း နိုင်ငံတကာအပြည်ပြည် ဆိုင်ရာပြိုင်ပွဲတွေလုပ်နိုင်မယ့် အဆင့်ကို ရည်ရွယ်ချက်ထားပြီး ဒီဇိုင်းဆွဲတဲ့အဆင့်ကနေ အခုပြိုင်ပွဲကျင်းပတဲ့အဆင့်ထိ အဆင့်ဆင့်ကြိုးစားပြီး တည်ဆောက်ခဲ့တာပါ။ ဥပမာ ဒီမှာ Weather Focus လုပ်တဲ့ Station တွေပါတယ်။ ရေဖျန်းတဲ့စနစ်တွေ ဆိုရင်လည်း ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတုအပေါ် မူတည်ပြီး ကွန်ပျူတာစနစ်နဲ့ ကွန်ထရိုးလုပ်ပြီး အော်တိုမက်တစ် ရေဖျန်းတဲ့စနစ်တွေ ပါဝင်ပါတယ်။ သုံးထားတဲ့ မြက်အမျိုးအစားဆိုလည်း ဒီဒေသဒီရာသီနဲ့ ကိုက်ညီတဲ့ မြက်အမျိုးအစားပေါ့။ ဆိုလိုတာက ဇီရွန်မြက်အမျိုးအစားကို အာရှမှာတောင် ဒီလို ၁၈ ကျင်းပြည့်အောင် စိုက်နိုင်တဲ့ကွင်း မရှိသေးပါဘူး။ ဒါပထမဆုံးကွင်းပါပဲ။ အဆင့်အနေနဲ့ ပြောမယ်ဆိုရင် အာရှမှာ အကောင်း ဆုံးကွင်းထဲမှာ ပါဝင်ဖို့ ကြိုးစားနေတယ်။ ဆိုတော့ ပြိုင်ပွဲလုပ်ဖို့ အစီအစဉ်ရှိပေမယ့် လက်ရှိ ကျွန်တော်တို့မှာ ဒေတာမရှိသေးတာက တစ်နှစ်တစ်နှစ်ကို မြန်မာနိုင်ငံကိုလာပြီး Golf ကစားတဲ့ Tour ဘယ်လောက်ရှိတယ်၊ အဲဒီအထဲက ဘယ်လောက်ရာခိုင်နှုန်းကို ဒီကွင်းကို ရောက်အောင်ခေါ်မလဲဆိုတာ အခုမှလုပ်တုန်း ရှိပါသေးတယ်” ဟု ဒေါက်တာထွန်းထွန်းအောင်က ဆိုသည်။

“အဓိက ဂေါက်ကွင်းရဲ့ ထူးခြားချက်က ပုံမှန် ၁၈ ကျွင်း ဂေါက်ကွင်းတစ်ကွင်းဖော်ရင် ဧက ၁၇၀၊ ၁၈၀ လောက်ပဲ အများဆုံး သုံးတယ်။ ကျွန်တော်တို့ဘာလို့ ဧက ၃၈၀ သုံးလဲဆိုရင် ဒီနေရာက ချောင်းမြောင်း အင်းအိုင် လျှိုတွေလည်း အရမ်းများတယ်။ နောက် ဒီနေရာက စက်မှုလုပ်ငန်းတွေ အိမ်ရာတွေလည်း ဖော်ဆောင်ဖို့ အဆင်မပြေတဲ့ နေရာဖြစ်လို့ ကုန်းမြေအနိမ့်အမြင့် သဘာဝအရသာလည်း ပါအောင်နဲ့ သဘာဝလျှိုတွေကို လျှိုပိတ်ပြီး အင်းအိုင်တွေဖြစ်အောင် ဖော်ဆောင်ထားလို့ ဧက ၃၈၀ လောက်သုံးထား ပါတယ်။ ဆိုလိုတဲ့အဓိပ္ပာယ်က ဒီလိုအပင် ပေါက်ရောက်မှုနည်းပြီး ကန္တာရဖြစ်နေတဲ့ နေရာမျိုးမှာ အိုအေစစ်လိုမျိုး ဖော်ဆောင်ထားတဲ့ ကွင်းအရသာမျိုး ရိုက်ချင်တယ် ဆိုလို့ရှိရင် အာရှမှာတောင် မရှိပါဘူး။ အဲဒီလိုမျိုး ဖော်ဆောင်နေပါတယ်။ ဒီကွင်းကို အဓိကဒီဇိုင်းဆွဲတာက အမေရိကားအဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့က အာရှမှာ ကွင်းပေါင်း ၁၅၀ လောက်ဆွဲခဲ့တဲ့ အတွေ့အကြုံ ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

Championship Golf Course ကွင်း တည်ဆောက်မှု အနေဖြင့် မြေတန်ဖိုးမပါ ကုန်ကျစရိတ် အကြမ်းဖျင်း အမေရိကန် ဒေါ်လာ ၁၇ သန်းကျော်ရှိပြီး ဂေါက်ကွင်းကို ရေရှည်ကြီးကြပ် ထိန်းသိမ်းရန် သြစတြေးလျမှ ပညာရှင်အဖွဲ့ကို ခေါ်ယူထားသည်။ မြို့သာစက်မှုဥယျာဉ်နှင့် ဆီမီးခုံ ဧရာဝတီဆိပ်ကမ်း စီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် အများပိုင် ကုမ္ပဏီအဖြစ် အစုရှယ်ယာများ ရောင်းချပေးခဲ့ကာ အစုရှယ်ယာ ၁၃ သန်းကျော် ရောင်းချထားပြီး လက်ရှိအချိန်တွင် နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံခုနစ်ရုံရှိကြောင်း သိရသည်။

Most Read

Most Recent