ပခုက္ကူသီးနှံဈေးကွက်၌ ရောင်းဝယ်မှု ယာယီရပ်နားထားသည့် ပဲစင်းငုံကို သြဂုတ် ၃၀ ရက်တွင် လက်ငင်းစနစ်ဖြင့် ရောင်းဝယ်ရေး ပြန်လည်စတင်ခဲ့ပြီး တစ်တင်းကျပ် ၁၂၀၀ ခန့် ဈေးထပ်မံကျဆင်း

ပခုက္ကူသီးနှံဈေးကွက်၌ ရောင်းဝယ်မှု ယာယီရပ်နားထားသည့် ပဲစင်းငုံကို သြဂုတ် ၃၀ ရက်တွင် လက်ငင်းစနစ်ဖြင့် ရောင်းဝယ်ရေး ပြန်လည်စတင်ခဲ့ပြီး တစ်တင်းကျပ် ၁၂၀၀ ခန့် ဈေးထပ်မံကျဆင်း
Published 31 August 2017

ပဲစင်းငုံ ခြွေလှေ့နေသည့် ပခုက္ကူပဲစိုက် တောင်သူများအား တွေ့ရစဉ်


ပခုက္ကူသီးနှံဈေးကွက်တွင် ရောင်းဝယ်ရေး ယာယီရပ်နားထားသည့် ပဲစင်းငုံသီးနှံအား ယခုသြဂုတ် ၃၀ ရက်တွင် လက်ငင်းစနစ်ဖြင့် ရောင်းဝယ်ရေး ပြန်လည်စတင်ခဲ့ပြီး တစ်တင်း ကျပ် ၁၂၀၀ ခန့် ဈေးထပ်မံ ကျဆင်းခဲ့ကြောင်း သိရသည်။

ပဲစင်းငုံသီးနှံရောင်းဝယ်မှု ပြန်လည်ဖွင့်လှစ်သည့် သြဂုတ် ၃၀ ရက်တွင် အိတ် ၁၅၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း တစ်တင်းကျပ် ၁၃၈၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြခြင်းဖြစ်ပြီး ဈေးနှုန်းကျဆင်းနေမှုအပေါ် တောင်သူနှင့် ပွဲရုံလုပ်ငန်းရှင်အားလုံး စိုးရိမ်နေကြောင်း သိရသည်။

“ဒီနေ့ သြဂုတ် ၃၀ ရက်မှာ ပခုက္ကူကုန် စည်ဒိုင်မှာ ပဲစင်းငုံဈေး ပြန်ဖွင့်ပါတယ်။ အရင်ရက်တွေကတော့ ဒီဈေးတစ်တင်း ကျပ် ၁၃၈၀၀ ထိ ဖြစ်မယ်လို့ ဘယ်သူမှမမှန်းပါ ဘူး။ မနေ့က ရန်ကုန်မှာ UMFCCI နဲ့ ဘုရင့်နောင်မှာ အစည်းအဝေး လုပ်တဲ့အခါကျ အခြေခံဈေး သတ်မှတ်ပြီး ဝယ်ပြီးလုပ်မယ်ဆိုတာ ကြားသိရပါတယ်။ ပဲစင်းငုံတစ်တန်ကို လေးသိန်း။ ပိဿာချိန် ၆၁၀ ရှိတော့ နယ်နဲ့ တွက်မယ်ဆိုရင် တင်း ၃၀ နဲ့ ၅၀ သားလောက် ရှိပါတယ်။ တစ်တင်းကို ကျပ် ၁၃၀၀၀ လောက် ရောက်သွားတဲ့အတွက် ဒီနေ့ဈေးအဖွင့်မှာ တစ်တန်ကို လေးသိန်းဖြစ်တော့မယ်ဆိုပြီး လန့်ပြီးဈေးတွေ ချရောင်းကြတာကနေ ဈေးထပ်ကျသွားပါတယ်” ဟု ပခုက္ကူကုန်သည် ပွဲစားများအသင်း အမှုဆောင်အဖွဲ့ဝင် ဦးဗိုလ်က ပြောကြားသည်။

ပဲစင်းငုံသီးနှံ အဓိကဝယ်ယူနေသည့် အိန္ဒိယနိုင်ငံမှ တင်သွင်းမှု ကန့်သတ်လိုက်သည့်အတွက် ယခုသြဂုတ်လလယ်ပိုင်းမှစ၍ ဈေးနှုန်း အလွန်အမင်း ကျဆင်းခဲ့ပြီး တစ်တင်း ကျပ် ၁၅၀၀၀ သာ ပေါက်ဈေးရှိတော့သည့် အတွက် သြဂုတ် ၂၃ ရက်တွင် ရောင်းဝယ်မှု ယာယီရပ်နားထားခဲ့ကြောင်း သိရသည်။

ပဲစင်းငုံစိုက်ပျိုးပြီး တောင်သူများမှာ ထုတ်လုပ်မှုစရိတ်များနှင့် တွက်ချက်ပြီး လက်ရှိဈေးနှုန်းနှင့် အဆင်ပြေမှု မရှိသည့်အတွက် စိုက်ခင်းများအား ဖျက်သိမ်းမှု ပြုလုပ်နေပြီး မိုးနှောင်းသီးနှံ နှမ်းပြောင်းလဲစိုက်ပျိုးရန် ပြင်ဆင်နေကြောင်း တောင်သူများထံ မှ သိရသည်။

“တောင်သူကတော့ လက်ရှိဈေးမှာ အတော်ကို ရှုံးနေပြီ။ အရင်နှစ်တွေက တောင်သူလက်ထဲ ပစ္စည်းကုန်ချိန် ဈေးတက်လေ့ရှိတော့ တောင်သူတွေက ဈေးတက်ချိန် ရောင်းဖို့ချန်ထားတာ အတော်သင့် ကျန်ကျသေးတယ်။ လက်ရှိစိုက်ပြီးတဲ့ ပဲစင်းငုံတွေက လုပ် သားစရိတ်၊ ရိတ်ခ၊ ဆေးဖိုးနဲ့တွက်ရင် ဘယ်လိုမှ မကိုက်တဲ့အတွက် တစ်ချို့လည်း နှမ်းစိုက်ရအောင် အခင်းဖျက်ကြပြီ” ဟု မြိုင်မြို့နယ် ဆိုတွင်းရွာမှ ကိုဌေးက ပြောကြားသည်။

ပခုက္ကူဒေသတစ်ဝိုက် ယာမြေများမှ ထွက်ရှိသည့် ပဲစင်းငုံသီးနံှမှာ ၂၀၁၅ ခုနှစ်တွင် ပဲစင်းငုံတစ်တင်း အနိမ့်ဆုံး ကျပ် ၂၅၂၀၀ မှ ကျပ် ၅၂၀၀၀ ၊ ၂၀၁၆ ခုနှစ်တွင် ကျပ် ၂၄၇၀၀ မှ ကျပ် ၄၈၀၀၀ ရောင်းခဲ့ရပြီး ယခု နှစ်တွင် ဈေးနှုန်းအလွန်အမင်း ကျဆင်းမှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့် ပမာဏကန့်သတ်လိုက်သည့်အတွက် သြဂုတ်တတိယပတ် ပခုက္ကူသီးနှံ ဈေးကွက်တွင် ဈေးနှုန်းကျဆင်းခဲ့သည့် ပဲတီစိမ်းသီးနှံမှာ ယခုလကုန်ပိုင်း ဝယ်ယူမှု များပြားလာသည့်အတွက် သြဂုတ် ၃၀ ရက်နေ့တွင် တစ်တင်း ကျပ် ၂၈၆၀၀ ထိ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

Most Read

Most Recent