<

အိန္ဒိယ-မြန်မာ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှ နိုင်ငံခြားသားများကို eVisa ဖြင့် ၀င်ထွက်ခွင့်ပြုမည်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဂိတ် နှစ်ခုဖြစ်သည့် တမူး-မိုးရေးနှင့် ရိခေါဒါရ်-ဇိုခေါသာ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်မှ ၀င်ရောက်လိုသည့် နိုင်ငံခြားသားများသည် eVisa ခွင့်ပြုနိုင်ငံစာရင်းတွင် ပါဝင်ပါက ၀င်ရောက်နိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံသို့ လာရောက်လိုသည့် နိုင်ငံခြားသားများကို နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းရှိပြည်ဝင် ဗီဇာရှိပါက အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်-ထွက်ဂိတ်နှစ်ခုမှ ၀င်ထွက်ခွင့်ပြုထားပြီး ယခုတွင် eVisa ဖြင့် ၀င် ရောက်လိုသူများသည် (http://evisa.moip.gov.mm) သို့ ၀င်ရောက်လျှောက်ထားနိုင်ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းသွားလာခွင့်များကို ၂၀၁၈ ခုနှစ် သြဂုတ် ၈ ရက်မှ စတင်ပြီး တရားဝင်သွားလာခွင့်ပြုထားကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် နိုင်ငံသားနှင့် နိုင်ငံခြားသားခရီးသည်များ ရေးသွင်းပေးအပ်ရသည့် ဆိုက်ရောက်ကတ် (Arrival Card) နှင့် ထွက်ခွာကတ် (Departure Card) ကို စက်တင်ဘာ ၁၂ ရက်မှစတင်၍ ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

September 15, 2018














Copy Protected by Chetan's WP-Copyprotect.