<

ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ် ရှစ်လတာကာလအတွင်း အမှုကြီးဖြစ်ပွားမှု ၃၀၀ ကျော်ရှိပြီး အခြားအမှုဖြစ်စဉ် ၅၈၀၀ ကျော် ဖြစ်ပွားခဲ့

ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ် ရှစ်လတာကာလအတွင်း အမှုကြီးဖြစ်ပွားမှု ၃၀၀ ကျော်ရှိပြီး အခြားအမှုဖြစ်စဉ် ၅၈၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း ဇန်န၀ါရီမှ သြဂုတ်လအထိ ဖြစ်ပွားခဲ့သည့် အမှုကြီးဖြစ်စဉ်များတွင် မုဒိမ်းမှုနှင့် လူသတ်မှုမှာ ဖြစ်ပွားမှုအများဆုံးရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“အမှုကြီးကတော့ ၂၀၁၈ သြဂုတ်လ အထိအမှုကြီး စုစုပေါင်း ၃၁၀ မှု ဖြစ်ပွားခဲ့ပါ တယ်။ လူသတ်မှုက ၁၀၉ မှု၊ ဓားပြမှုက တစ်မှု၊ လုယက်မှုက ၁၃ မှု၊ မုဒိမ်းမှုက ၁၅၅ မှု၊ ဖောက်ထွင်းမှုက တစ်မှု၊ တိရစ္ဆာန်ခိုးမှုက အမှု ၃၀ ဖြစ်ခဲ့ပါတယ်။ အခြားအမှုတွေကတော့ သြဂုတ်လကုန်အထိဆိုရင် စုစုပေါင်း ၅၈၁၄ မှု ဖြစ်ခဲ့ပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။

၂၀၁၈ ခုနှစ် ရှစ်လတာကာလအတွင်း အမှုကြီးဖြစ်ပွားမှုမှာ ပြီးခဲ့သည့်နှစ် ကာလတူ အခြေအနေနှင့် နှိုင်းယှဉ်ပါက ၃၃ မှု လျော့ကျခဲ့သော်လည်း အခြားအမှုဖြစ်စဉ်များမှာ အမှုပေါင်း ၄၁၀ ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မှုခင်းဖြစ်စဉ်များ လျော့နည်းကျဆင်းရေး အစီအမံနှင့်ပတ်သက်၍ “ကျွန်တော်တို့က လှည့်ကင်းဝပ်ကင်းတို့၊ ယာဉ်စစ်ပိတ်ဆို့တာတို့ကို အင်အားပိုသုံးပြီး ခါတိုင်းထက်ပိုပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ဖြစ်ပွားခဲ့ပြီးတဲ့ အမှုတွေမှာတရားစွဲတင်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ရရှိရေးအတွက်လည်း တိုင်းတပ်ဖွဲ့မှူးက ညွှန်ကြားထားတာရှိပါတယ်။ ပြစ်မှု ကျူးလွန်ပြီးထွက်ပြေးနေသူတွေ ဖမ်းဆီးရမိရေး အတွက်လည်း သီးခြားအဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်နေတာတွေရှိပါတယ်” ဟု ဒုရဲမှူးကြီးထွန်းရွှေက ဆက်လက်ပြောကြားသည်။

ယာဉ်တိုက်မှုများမှာ ယခုနှစ် ဇန်န၀ါရီမှ သြဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီး၌ အမှုပေါင်း ၁၃၈၇ မှုဖြစ်ပွားခဲ့ပြီး ၂၉၄ ဦး သေဆုံးကာ ၂၃၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပထမလေးလပတ်မှာ ယာဉ်တိုက်မှု ပေါင်းက ၈၂၁ မှု ဖြစ်ပွားပါတယ်။ ဒဏ်ရာရ သူအရေအတွက်က ကျား ၁၁၀၆ ဦး၊ မ ၃၇၆ ဦးရှိပါတယ်။ သေဆုံးသူက ကျား ၁၅၃ ဦးဖြစ် ပြီး မ ၃၄ ဦးဖြစ်ပါတယ်။ ဒုတိယလေးလပတ် မှာဆိုရင်တော့ ယာဉ်တိုက်မှုပေါင်း ၅၆၆ မှု ရှိပြီး ဒဏ်ရာရသူကျား ၆၁၉ ဦး၊ မ ၂၃၇ ဦး၊ စုစုပေါင်း ၈၅၆ ဦးရှိပါတယ်။ သေဆုံးသူက တော့ ကျား ၈၉ ဦး၊ မ ၁၈ ဦးပေါင်း ၁၀၇ ဦး ဖြစ်ပါတယ်” ဟု ဒုရဲမှူးကြီးထွန်းရွှေက ပြော ကြားသည်။

“အဓိက,ကတော့ မဆင်မခြင် မောင်းနှင်လို့ ဖြစ်ပွားတာလည်း တွေ့ရပါတယ်။ မူးပြီးတော့ မောင်းတဲ့သူကတော့ နည်းတယ်။ အဓိက,ကတော့ ယာဉ်မောင်းသူတွေက လမ်း အသုံးပြုပုံ နားမလည်တာ တွေ့ရတယ်။ အဲဒီ အတွက်လည်း ဟောပြောဆောင်ရွက်မှုတွေ  လုပ်နေပါတယ်။ ဖမ်းဆီးမှုကလည်းရှိတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့မညီညွတ်တာတွေကို သက်ဆိုင်ရာ မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူဖို့အတွက်လည်း ဖမ်းဆီးဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်၌ ယခုနှစ် ရှစ်လတာကာလအတွင်း ရဲတပ်ဖွဲ့က ကြိုတင်ကာကွယ်မှုပေါင်း ၁၄၈၆၉ မှု ဖမ်းဆီးခဲ့ပြီး ပြီးခဲ့သည့်နှစ် တစ်နှစ်လုံး ဖမ်းဆီးမှုထက် ကြိုတင်ကာကွယ်မှုပေါင်း ၅၇၀၀ ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

September 14, 2018














Copy Protected by Chetan's WP-Copyprotect.