<

ရွှေတိဂုံစေတီတော်မှ ရွှေစင်ပြားများကိုခွာယူ၍ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ပူဇော်မည်ဟုဆိုခြင်းမှာ မဟုတ်မမှန် သတင်းသာဖြစ်

ရွှေတိဂုံစေတီတော်မှ ရွှေစင်ပြားများကိုခွာယူ၍ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကပ်လှူပူဇော်သွားမည်ဆိုသော သတင်းမှာ  မဟုတ်မမှန်သတင်းသာဖြစ်ကြောင်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနသည် Excellent News Agency အမည်ရှိ လူမှုကွန်ရက်စာမျက်နှာမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သိရသည် ဆိုကာ ရွှေစင်ပြားခွာမည်သတင်းနှင့် ပတ်သက်၍ ဖော်ပြမှုနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းကာ အများပြည်သူသိစေရန် ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

Excellent News Agency  အမည်ရှိ လူမှုကွန်ရက်စာမျက်နှာသည် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရွှေတိဂုံစေတီတော်ကြီးတွင် ကပ်လှူပူဇော်ထားသော ရွှေစင်ပြားများကို စတင်ခွာယူလျက်ရှိပြီး ခွာယူရရှိသော ရွှေစင်ပြားများကို ပြန်လည်သန့်စင်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တည်ထားကိုးကွယ်သော နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်ဟု စက်တင်ဘာ ၁၂ ရက်တွင် တင်ထားခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများထံမှ စေတီတော်ဂေါပကအဖွဲ့က ၂၀၁၆ ခုနှစ် ဇူလိုင် ၇ ရက်တွင် သြ၀ါဒခံယူခဲ့ရာ၌ ရွှေတိဂုံစေတီတော် သြ၀ါဒါစရိယ၊ ကလေးဝဆရာတော်ကြီး ဘဒ္ဒန္တဇာဂရာဘိဝံသက “ပရိဏတ သိက္ခာပုဒ်အရ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လှူဒါန်းပြီးသော ပစ္စည်းဘဏ္ဍာကို အခြားစေတီတစ်ဆူကို လှူ၍မရကြောင်း၊ ဘုရားပစ္စည်းကို အခြားဘုရားများတွင် သုံးစွဲ၍မရကြောင်း၊ သံဃာများလည်း မသုံးစွဲအပ်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆိုလျှင် ပို၍မသုံးစွဲရကြောင်း၊ အခြားစေတီများအားပြုပြင်ရန်၊ ဆေးရုံကြီးများဆောက်ရန် စသည်ဖြင့် သုံးစွဲရန်မသင့်တော်ကြောင်း” သြ၀ါဒမြွက်ကြားခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ကင်္ခါအဋ္ဌကထာ၊ ပရိဏတ သိက္ခာပုဒ်အဖွင့်တွင် “စေတီတော်အား လှူ ဒါန်းပြီးသော ဘဏ္ဍာကို အခြားသောစေတီတော်အားဖြစ်စေ၊ သံဃာဖြစ်စေ၊ ပုဂ္ဂိုလ်အားဖြစ်စေ လှူဒါန်းလျှင် ဒုက္ကဋ်အာပတ်သင့် ကြောင်း”ဖွင့်ဆိုပြထားကြောင်း ဆက်လက် သိရသည်။

ထို့ကြောင့် ဘုရားရှင်ပညတ်ထားသော ပရိဏတသိက္ခာပုဒ်တော်နှင့် ဆရာတော်ကြီးများ၏ သြ၀ါဒတော်နှင့်အညီ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် လိုက်နာကျင့်သုံးသွားမည်ဖြစ်ပြီး မဟုတ်မမှန် သတင်းများကို ပြည်သူများသိရှိနိုင်စေရန် ဖြစ်ကြောင်း သိရသည်။

 

 

September 14, 2018














Copy Protected by Chetan's WP-Copyprotect.