မုံရွာနယ်မြေရဲစခန်းတွင် ကလေးသူငယ် အချုပ်သားများ အပါအဝင် အချုပ်သားသုံးဦး အချုပ်ခန်းအတွင်းမှ ထွက်ပြေး

မုံရွာနယ်မြေရဲစခန်းတွင် ကလေးသူငယ် အချုပ်သားများ အပါအဝင် အချုပ်သားသုံးဦး အချုပ်ခန်းအတွင်းမှ ထွက်ပြေး
Published 31 August 2017

အချုပ်ခန်းအတွင်းမှ ထွက်ပြီးနောက် အပြင်အုတ်တံတိုင်းနံရံရှိ လေသာပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေးသွားစဉ်


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာနယ်မြေရဲစခန်းတွင် သြဂုတ် ၃၀ ရက်က မုံရွာနယ်မြေရဲစခန်းတွင် ကလေးသူငယ် အချုပ်သားများ အပါအဝင် အချုပ်သားသုံးဦး အချုပ်ခန်းအတွင်းမှ ထွက်ပြေးသွားကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းအရ သိရသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် ကလေးသူငယ် တရားခံ သုံးဦးမှာ အချုပ်ခန်းအမှတ် (၂) တွင် သီးခြားချုပ်နှောင်ထားရှိသော ကလေးသူငယ်သုံးဦး၊ ဆိုင်ကယ်ခိုးမှု မသင်္ကာသူ တစ်ဦးအနက် ကလေးသူငယ် တရားခံနှစ်ဦးနှင့် ဆိုင်ကယ်ခိုးမှုမသင်္ကာသူ တစ်ဦး ပေါင်းသုံးဦးတို့သည် အချုပ်ခန်း၏ အရှေ့မြောက်ထောင့် ဒုတိယအဆင့် ဒုတိယ မြောက်သံတိုင်၏ အောက်ခြေအား အရှည်တစ်ပေခန့်ရှိ နှစ်ဖက်သွားပါ သံဖြတ်လွှဖြင့် တိုက်ဖြတ်၍ ၎င်းတို့ဝတ်ဆင်သော ပုဆိုးဖြင့် ကွင်းလျှိုရစ်ပတ်ပြီး ဆွဲဆန့်လျက် အချုပ်ခန်းအတွင်းမှ ထွက်ပြီးနောက် အပြင်အုတ်တံတိုင်းနံရံရှိ လေသာပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသူ သုံးဦးမှာ ဆန်းမင်းသူ (၁၆ နှစ်) ရန်ကင်းရပ် မုံရွာမြို့ မုံရွာနယ်မြေရဲစခန်းက (ပ)၅၉၇/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ဖြင့် အရေးယူထားသည့် တရားခံဖြစ်ကြောင်း သိရသည်။

ထို့နောက် မင်းထိုက်ဆွေ (၁၆ နှစ်)၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက် ယာယ (၁၀) လမ်း မုံရွာနယ်မြေရဲစခန်းက (ပ) ၆၅၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၆/၃၇၆/၃၆၃/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားသည့် တရားခံဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မိုးဝင်း (ခ) ကိုနိုင် (၃၇ နှစ်) မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မုံရွာနယ်မြေ ရဲစခန်းက (ပ) ၅၉၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ တို့ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားသည့် တရားခံသုံးဦးတို့ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent