တပ်မတော်နှင့် RCSS အကြား ဖြစ်ပွားနေသောပဋိပက္ခများ ဖြေရှင်းရေးအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်သော နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်

တပ်မတော်နှင့် RCSS အကြား ဖြစ်ပွားနေသောပဋိပက္ခများ ဖြေရှင်းရေးအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်သော နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်
Published 15 September 2018

(JMC – U) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် စက်တင်ဘာ ၁၄ ရက်ကပြုလုပ်အပြီး သတင်းစာရှင်းလင်းစဉ်

တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်သော နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“RCSS ရဲ့ ကိစ္စနဲ့ပတ်သက်လို့ကလည်း ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ တော်တော်လေးကို ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ နှစ်ဖက်စလုံးကလည်း လောလောဆယ်မှာတော့ နှစ်ခု ကျွန်တော်တို့ စီစဉ်ထားတာပေါ့။ ပထမတစ်ခုကတော့ ကျွန်တော်တို့ ဒီဆုံးဖြတ်ချက်ချနိုင်တဲ့ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဖို့ အရေးကြီးတယ်။ ကိစ္စတစ်ခုတည်း မဟုတ်ဘူး။ ကိစ္စတော်တော်များပါတယ်။ အဲဒါကိုလည်း နှစ်ဖက်စလုံးကလည်း လက်ခံထားပါတယ်။ လောလောဆယ်က ချင်းမိုင်မှာလည်း တစ်လောတုန်းက ငြိမ်းချမ်းရေးကောင်စီဘက်ကနေ တွေ့ဆုံတာ ရှိပါတယ်။ အဲဒီတုန်းကလည်း အဲဒီကိစ္စ ဆွေးနွေးတာကို ရှင်းပြပါတယ်။ လောလောဆယ်မှာတော့ ဒီ RCSS ဘက်ကလည်း အဲဒီလိုမျိုး တကယ့်ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်ကြီးများ တွေ့ဆုံနိုင်ဖို့အတွက် စာရေးထားပြီး ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ထင်ပါတယ်။ အဲဒါမျိုးဆိုရင် မကြာခင်မှာ တွေ့ဆုံနိုင်မယ်လို့ ယူဆရပါတယ်” ဟု ဒေါက်တာ ရွှေခါးရ်က ပြောကြားသည်။

အဆိုပါအစီအစဉ်အား နှစ်ဖက်ခေါင်းဆောင်များက လက်ခံထားသော်လည်း တွေ့ဆုံဆွေးနွေးမည့်အချိန်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် နယ်မြေအများစုတွင် လက်နက်ကိုင်ပဋိပက္ခ ရပ်စဲသွားသော်လည်း နယ်မြေအနည်းငယ်တွင် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ရှိနေကာ လက်နက်ကိုင်ပဋိပက္ခရပ်စဲရေးတွင် နှစ်ဖက်မြေပြင်တပ်မှူးများ တွေ့ဆုံမှုသည်လည်း အရေးပါခဲ့ကြောင်း JMC- U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

ထို့ကြောင့် တပ်မတော်နှင့် RCSS အကြားတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့်ပတ်သက်၍ နှစ်ဖက်မြေပြင်တပ်မှူးများ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ယင်းအစီအစဉ် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ တပ်မတော်နှင့် RCSS ခေါင်းဆောင်များအကြား အဆင်သင့် ရှိနေကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  အနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် သုံးနှစ်နီးပါးကာလအတွင်း တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲပေါင်း ၈၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent