ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YBS ယာဉ်အစီး ၁၀၀၀ ဝယ်ယူရာတွင် ငွေမလုံလောက်သဖြင့် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလျံ ချေးယူခဲ့ရ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YBS ယာဉ်အစီး ၁၀၀၀ ဝယ်ယူရာတွင် ငွေမလုံလောက်သဖြင့် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလျံ ချေးယူခဲ့ရ
Published 15 September 2018

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YBS ယာဉ်အစီး ၁၀၀၀ ဝယ်ယူရာတွင် ငွေမလုံလောက်သဖြင့် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလံျ ချေးယူခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအရ သိရသည်။

စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာကို ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဖတ်ကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အမည်ဖြင့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကားအသစ် ၁၀၀၀ အား ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်    တရုတ်နိုင်ငံအစိုးရတို့ အချင်းချင်းညှိနှိုင်းချက်အရ တစ်စီးလျှင် ကျပ် ၇၇ သန်းနှုန်းဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

“ရန်ကုန်ုတိုင်းဒေသကြီးအစိုးရ ထည့်ဝင်ငွေ ကျပ် ဘီလျံ ၇၀ နဲ့ လုံလောက်မှုမရှိပါသဖြင့် ဧရာဝတီဘဏ်မှာ ကျပ် ရှစ်ဘီလျံ ထပ်မံချေးငှားဝယ်ယူခဲ့ပြီး ဘတ်စ်ကားအစီး ၁၀၀၀ အား ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (YBPC) နှင့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ ဆောင်ရေးအများပိုင်ကုမ္ပဏီ (YUPT) တို့ အစီး ၅၀၀ စီ ခွဲယူ၍ မော်တော်ယာဉ်ဝယ်ယူခဲ့သည့် ငွေကြေးတန်ဖိုး ကျပ် ဘီလျံ ၇၀ နှင့် ချေးငွေ ကျပ်ရှစ်ဘီလျံနဲ့ စုစုပေါင်း ကျပ် ၇၈ ဘီလျံအား ခွဲဝေတာဝန်ယူကြောင်း တွေ့ရှိရပါတယ်” ဟု ရန်ကုန်ုတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

၂၀၁၈ ခုနှစ် မေလစာရင်းအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရင်းနှီးငွေ ထည့်ဝင်ထားသည့် အများပိုင်ကုမ္ပဏီနှစ်ခု အပါအဝင် ယာဉ်လိုင်းကုမ္ပဏီ ၂၅ ခုသည် မော်တော်ယာဉ်စုစုပေါင်း ၆၂၇၂ စီးဖြင့် ယာဉ်လိုင်းပေါင်း ၁၁၉ လိုင်းသတ်မှတ်ပြီး နေ့စဉ် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent