တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခုတွင် ငါးလအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှု ၁၃၆ မှုရှိပြီး သစ် ၄၄၅ တန်ကျော် ဖမ်းဆီးထား

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခုတွင် ငါးလအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှု ၁၃၆ မှုရှိပြီး သစ် ၄၄၅ တန်ကျော် ဖမ်းဆီးထား
Published 15 September 2018

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-တိုင်းဒေသကြီးသစ်တောဦးစီးဌာန)

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခုတွင် ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ် ငါးလအတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှု ၁၃၆ မှုရှိခဲ့ပြီးသစ်တန်ချိန် ၄၄၅ တန် ကျော် ဖမ်းဆီးထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ တရားမဝင် သစ် ဖမ်းဆီးရမိမှုအဖြစ် ထားဝယ်ခရိုင်၌ ၁၆ မှုမှ သစ် ၆၃ ဒသမ ၉၄၈၈ ကုဗတန်၊ မြိတ်ခရိုင်၌ ၈၆ မှုမှ သစ်၂၆၉ ဒသမ ၇၆၆၃ ကုဗတန်နှင့် ကော့သောင်းခရိုင်၌ ၃၄ မှုမှသစ် ၁၁၁ ဒသမ ၂၈၈၃ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း အမှု ၁၃၆ မှု မှ တရားမဝင် သစ် ၄၄၅ ဒသမ ၀၀၃၄ ကုဗတန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတာကတော့ ဒေသထွက်သစ်တွေများတယ်။ အခြားအသားတွေပေါ့။ မီးသွေးထုတ်တဲ့ ပျူးခြေတောက်တို့ လမု၊ လမဲ့ နဲ့ ကနစိုပင်တို့လိုပေါ့။ ဒီဘက်မှာ ကျွန်းသိပ် မရှိတော့ ပိတောက်အများဆုံးမိတယ်။ သစ်ခွဲတဲ့သူတွေ ပိုများလာလို့လား၊ လိုအပ်ချက် များလာလို့ ဈေးကွက်ပိုကောင်းလို့လာတော့ မသိဘူး။ ဖမ်းလေပိုများလေ ဖြစ်လာတယ်။နှမြောတာက သစ်ဆိုတာ ခွဲသားအဆင့် ရောက်မှသွားဖမ်းရင် လှဲပြီးမှဖမ်းတာ ဘာလုပ်မလဲ။ ဒီအပင်က မြေမြှုပ်ပြီးပြန်စိုက်လို့ မှမရတော့တာ။ အစကတည်းက ဖမ်းစရာမလိုအောင် သစ်ပင်မလှဲခင် ထိန်းထားနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ သစ်တောဝန်ထမ်းက တစ်ယောက်တည်း တောထဲ သွားဖမ်းလို့လည်းမရဘူး။ အခုရှိတဲ့ ဝန်ထမ်းအင်အား စာရင်းနဲ့ဆိုရင် နယ်ဝန်ထမ်းတစ်ယောက်က ဧက ၆၀၀၀ နှုန်းလောက်ဖြစ်နေတယ်။ ဒီလိုအခက်ခဲတွေရှိတာပေါ့” ဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်လှိုင်က ပြောကြားသည်။

တရားမဝင် သစ်ဖမ်းဆီးမှုစာရင်းအရ လက်ရှိအခြေအနေအရ မြိတ်ခရိုင်၌ ဖမ်းဆီးရမိမှုအများဆုံးဖြစ်ပြီး ထိုသို့ များပြားရခြင်းမှာ သစ်ခိုးထုတ်သည့်သူများ၍ဖြစ်ကာ စီးပွားရေးအင်အား တောင့်တင်းသည့် လုပ်ငန်းရှင် များပြားသောကြောင့်ဖြစ်ကြောင်း၊အချို့ဒေသများတွင် လုပ်ငန်းရှင်နည်းပါးပြီး ရော်ဘာစိုက်သည့် တောင်သူများပြားသော နေရာတွင် တရားဝင်သစ်ခိုးထုတ်မှုနည်းပါး ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများပြားသည့် ဒေသများအပြင် တရားမဝင်သစ်ဈေးကွက်ရှိသည့် လမ်းကြောင်းအပေါ်တွင်လည်း မူတည်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တရားမဝင်သစ်ဖမ်းဆီးရမိမှုများမှာ ကုန်းပေါ်တွင် များပြားသော်လည်း ရေလမ်းမှတစ်ဆင့် သယ်ယူမှုများရှိသောကြောင့် သစ်တောဝန်ထမ်းများအနေဖြင့် ရေဆိပ်များနှင့် တရားမဝင်သစ်များ သယ်ယူတတ်သည့်နေရာများကို လိုက်လံစုံစမ်း၍ဖမ်းဆီးမှုများရှိပြီး ပင်လယ်အတွင်းရောက်ရှိသွားသည့် သစ်ခိုးလှေများကိုလည်း တပ်မတော်ရေမှ စစ်သဘောၤများမှ စစ်ဆေးဖမ်းဆီးရမိမှုများရှိကြောင်း၊ တရားမဝင်သစ်ဖမ်းဆီးရာတွင် ဒေသခံများမှတစ်ဆင့် ဖုန်းဖြင့်သတင်းပေး၍ ဖမ်းဆီးရမိမှုများရှိပြီး သတင်းပေးသူကို လျှို့ဝှက်ပေးထားကြောင်း ဦးထွန်းညွန့်လှိုင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိမှုအဖြစ်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ထားဝယ် ခရိုင်၌ ၅၀ မှုမှ သစ် ၁၆၇၂ ဒသမ ၀၆၈၂ ကုဗတန်၊ မြိတ်ခရိုင်၌ ၁၆၃ မှုမှ သစ် ၅၇၆ ဒသမ ၉၄၇၆ ကုဗတန်နှင့် ကော့သောင်း ခရိုင်၌ ၅၄ မှုမှ သစ် ၁၂၂ ဒသမ ၄၉၉၄ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီးစုစုပေါင်း ၂၆၇ မှု မှ တရားမဝင်သစ် ၈၆၆ ဒသမ ၅၁၅၂ ကုဗ တန်၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ထား ဝယ်ခရိုင်၌ ၅၇ မှုမှ သစ် ၂၀၀ ဒသမ ၃၃၄၉ ကုဗတန်၊ မြိတ်ခရိုင်၌ ၂၂၈ မှုမှ သစ် ၁၂၃၁ ဒသမ ၈၃၂၅ ကုဗတန်နှင့် ကော့သောင်း ခရိုင်၌ ၁၁၉ မှုမှသစ် ၄၃၈ ဒသမ ၉၉၁၈ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၄၀၄ မှု မှ တရားမဝင်သစ် ၁၈၇၁ ဒသမ ၁၅၉၂ ကုဗတန်နှင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ထားဝယ်ခရိုင်၌ ၅၉ မှုမှ သစ် ၁၉၃ ဒသမ ၁၀၉၉ ကုဗတန်၊ မြိတ်ခရိုင်၌ ၂၆၂ မှုမှ သစ် ၁၂၈၂ ဒသမ ၇၂၂ ကုဗတန်နှင့် ကော့ သောင်းခရိုင်၌ ၇၉ မှုမှသစ် ၆၀၆ ဒသမ ၆၂၇၉ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း အမှု ၄၀၀ မှ တရားမဝင်သစ် ၂၀၈၂ ဒသမ ၄၅၉၈ ကုဗတန် ဖမ်းဆီးရမိခဲ့ကာ နှစ်စဉ် တရားမဝင် သစ်ဖမ်းဆီးရမိမှု မြင့်တက်နေ ခြင်းဖြစ်သည်။

Most Read

Most Recent