ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများတွင် ဘင်္ဂါလီများအား ဦးစားပေး နေ့စားလပေး သင်ကြားရေးအကူဆရာ ခန့်ထားနိုင်ရေး စာရင်းကောက်ယူလျက်ရှိ

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများတွင် ဘင်္ဂါလီများအား ဦးစားပေး နေ့စားလပေး သင်ကြားရေးအကူဆရာ ခန့်ထားနိုင်ရေး စာရင်းကောက်ယူလျက်ရှိ
Published 15 September 2018

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများတွင် ဘင်္ဂါလီများကိုဦးစားပေး နေ့စားလပေး သင်ကြားရေး အကူဆရာ ခန့်ထားနိုင်ရေး စာရင်းကောက်ယူလျက်ရှိသည်။

“သင်ကြားရေးအကူဆရာဆိုတာက ဘာသာစကား အခက်အခဲရှိတဲ့ ကျောင်းတွေမှာ ဘာသာပြန်ပေးဖို့အတွက် ဖြစ်ပါတယ်။ ဘင်္ဂါလီကျေးရွာတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းရင်းသားဆရာတွေလည်းရှိတယ်။ အဲဒီလိုကျောင်းတွေမှာ ဘာသာစကား အခက်အခဲမဖြစ်ရအောင် ဘင်္ဂါလီလူမျိုး သင်ကြားရေးအကူဆရာကိုခန့်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ အခု မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်မြို့နယ် တွေမှာ စာရင်းတွေကောက်နေပါပြီ။ သင်ထောက်ကူဆရာအဖြစ် လျှောက်ထားသူ မောင်တောမှာ ၁၀၀ လောက်ရှိပြီ။ ဘူးသီးတောင်မှာလည်း ၁၀၀ ကျော်လောက်ရှိမယ်။ မောင်တောမြို့နယ်မှာဆိုရင် ဘင်္ဂါလီကျေးရွာမှာရှိတဲ့ ကျောင်း ၁၅ ကျောင်း ဖွင့်ထားတယ်။ ၆၃ ကျောင်းက ပိတ်ထားဆဲဖြစ်ပါတယ်” ဟု မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်ဘွဲ့ရ၊ ဆယ်တန်းအောင်၊ ကိုးတန်းအောင် ဘင်္ဂါလီလူငယ်များကို နေ့စားလပေးသင်ကြားရေး အကူဆရာ၊ ဆရာမများအဖြစ် ခန့်အပ်နိုင်ရန် အခြေခံပညာဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် စာရင်းကောက်ယူ နေပြီး စာရင်းကို စက်တင်ဘာ ၁၅ ရက်တွင် ပြည်နယ်ပညာရေးမှူးရုံးသို့ ပို့ပေးရမည်ဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်တွင် ဘင်္ဂါလီသီးသန့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားနေသည့် စာသင်ကျောင်းပေါင်း ၈၀ ကျော်ရှိကြောင်း၊ တစ်မြို့နယ်တွင် ဦးရေမည်မျှ ခန့်အပ်သွားမည်ကိုမသိရှိရသေးကြောင်း မောင်တောခရိုင်ပညာရေးမှူးက ပြောကြားသည်။ မောင်တောခရိုင်တွင် ဘင်္ဂါလီလူမျိုး ပညာရေးဝန်ထမ်း ၁၀၀ ကျော်ကို ၂၀၁၂  ခုနှစ် မတိုင်မီကတည်းက ခန့်ထားလျက်ရှိကြောင်း သိရသည်။

လက်ရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းတွင် ဘင်္ဂါလီများကို ပညာရေးဝန်ထမ်းအဖြစ် ခန့်ထားရန်စီစဉ်ခြင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုများထွက် ပေါ်နေကြောင်း သိရသည်။

“ဘင်္ဂါလီတွေကို ပညာရေးဝန်ထမ်းခန့်ဖို့ဆိုတဲ့အခါ သူတို့နိုင်ငံတော်အပေါ်သစ္စာ စောင့်သိမှုကို အလေးထားစိစစ်ရမယ်။ သူ တို့ နိုင်ငံတော်အလံကို အလေးပြုနိုင်သလား။ ဒါတွေကအစ စိစစ်ရမယ်။ လက်လွတ်စပယ်ခန့်ထားလိုက်ရင် စာသင်ကျောင်းတွေဟာ လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်တဲ့နေရာ ဖြစ်သွားမယ်။ အရင်တုန်းကလည်း အဲဒီလို အခြေအနေတွေရှိခဲ့တယ်ဆိုတာကို ကျွန် တော်တို့သိထားတယ်။ နောက်တစ်ခါ ရင်းသားတွေကိုပါ ရောနှောခန့်ထားရမယ်။ ပြောချင်တာက သူတို့တောင်းဆိုတိုင်းဒေသ အခြေအနေကို မလေ့လာဘဲ လိုက်လုပ်နေမယ်ဆိုရင် ပြဿနာဟာ ဘယ်တော့မှငြိမ်း သွားမှာမဟုတ်ဘူး။ အရင်တုန်းက တိုင်းရင်းသားကျေးရွာတွေမှာ ဒေသခံတိုင်းရင်းသား ဆယ်တန်းအောင်၊ ကိုးတန်းအောင်တွေကိုဆရာအဖြစ်ခန့်ဖို့ လွှတ်တော်မှာလည်းဆွေး နွေးခဲ့တာရှိခဲ့တယ်။ ဒါပေမဲ့ အကောင်အထည် မဖော်ခဲ့ဘူ”ဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောကြားသည်။

Most Read

Most Recent