ပညာရေး ကောလိပ်များ၏ တောင်းဆိုချက်များအား အပြည့်အ၀ ထောက်ခံကြောင်း စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၀၀ ခန့် ဖဲကြိုးစိမ်း လှုပ်ရှားမှုပြုလုပ်

ပညာရေး ကောလိပ်များ၏ တောင်းဆိုချက်များအား အပြည့်အ၀ ထောက်ခံကြောင်း စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၀၀ ခန့် ဖဲကြိုးစိမ်း လှုပ်ရှားမှုပြုလုပ်
Published 15 September 2018

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်စဉ်

ပညာရေးကောလိပ်များ၏ တောင်းဆိုချက်များအား အပြည့်အဝထောက်ခံကြောင်း စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၁၀၀ ခန့် ဖဲကြိုးစိမ်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုအား စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်(ပင်မ)ဆောင် ရှေ့၌ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပညာရေး ကောလိပ်များမှ ဆရာအတတ်သင်ကဏ္ဍတွင် နစ်နာဆုံးရှုံးနေမှု အခြေအနေများအား ဆွေး နွေးဟောပြောခြင်း၊ ပညာရေးလောကအမှတ်တံဆိပ် ဖဲကြိုးစိမ်းပုံသဏ္ဌာန်အား ဖော်ဆောင်ခြင်း၊ ပညာရေးကောလိပ်များ၏တောင်းဆိုချက်များအား အပြည့်အဝထောက်ခံကြောင်း စသည့်လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။

“ဒီလ ၂ ရက်နေ့မှ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂတွေက ပညာရေးဝန်ကြီးဌာနကို တောင်းဆိုချက်သုံးခုကို တင်ပြတယ်။ ဝန်ကြီးဌာနဘက်က ပြန်လည်အကြောင်းကြားတာ မရှိပါဘူး။ ဝန်ကြီးဌာနအနေနဲ့ပညာ ရေးကောလိပ်တွေရဲ့တောင်းဆိုချက်ကို ညှိ နှိုင်းပေးဖို့ရယ် ပညာရေးကောလိပ်တွေရဲ့ တောင်းဆိုချက်တွေကို ကျွန်တော်တို့အပြည့်အ၀ ထောက်ခံတဲ့အတွက် ခုလိုလှုပ်ရှားမှုလုပ်တာပါ။ ဝန်ကြီးဌာနအနေနဲ့ ပညာရေးကော လိပ်ကျောင်းသားကျောင်းသူတွေရဲ့ အသံကို နားထောင်ပေးဖို့ တောင်းဆိုပါတယ်။ ညှိနှိုင်းပေးမှု မရှိဘူးဆို နောက်ထပ်လှုပ်ရှားမှုတွေ ဆက်တိုက် ကျွန်တော်တို့လုပ်သွားမှာပါ” ဟု စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသူဝေလွင်က ပြောကြားသည်။

ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ ဆရာအတတ်ပညာကဏ္ဍတွင် နှစ်ရှည်စွဲမြဲစွာအမြစ်တွယ်နေသော နစ်နာဆုံးရှုံးမှုများအား ပြုပြင်ပေးရန်၊ ဆရာအတတ်သင်သင်တန်းသားများအတွက် ဆရာအတတ်ပညာကို ဆက်လက်သင်ယူလိုပါက အကန့်အသတ်များအား လျှော့ချပေး၍ ဆက်လက်ပညာသင်ယူခွင့်ရစေရန်၊ ဆရာအတတ်သင်သင်တန်းသားများ စာပေဘာသာရပ်ကို ဆက်လက်ပညာဆည်းပူးလိုပါက နှစ်သက်ရာဘာသာတွဲများကို ရွေးချယ်ခွင့်ရရှိစေရေးနှင့် အဝေးသင်တတိယနှစ်မှစ၍ တက်ရောက်ခွင့်ရစေရန် တောင်းဆိုထားကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်များအား စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အပြည့်အ၀ ထောက်ခံ ဝန်းရံပါကြောင်း၊ ပညာရေးကောလိပ်များ၏တောင်းဆိုချက်များနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီနှင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုကြောင်း စက်တင်ဘာ ၁၁ ရက်တွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သဘောထား ထုတ်ပြန်ကြေညာ ချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent