ကြားဖြတ်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သားဖြစ်သူ မဲမနိုင်ပါက ရခိုင်နိုင်ငံရေးလောကတွင် မနေတော့ဟု ဒေါက်တာအေးမောင် ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သားဖြစ်သူ မဲမနိုင်ပါက ရခိုင်နိုင်ငံရေးလောကတွင် မနေတော့ဟု ဒေါက်တာအေးမောင် ပြောကြား
Published 15 September 2018

သားဖြစ်သူ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမနိုင်ပါက ရခိုင်နိုင်ငံရေးလောကတွင် မနေတော့ဟု ဒေါက်တာအေးမောင်က စက်တင်ဘာ ၁၄ ရက်တွင် ရုံးထုတ်လာစဉ် ခရိုင်တရားရုံး၌ ပြောကြားသည်။

ဒေါက်တာအေးမောင်၏ သားဖြစ်သည့် ဦးတင်မောင်ဝင်းသည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းပေးသွင်းထားသူ ဖြစ်သည်။

“ရသေ့တောင်ဟာ ကျွန်တော့်ဇာတိမြို့ဖြစ်လို့ ကျွန်တော့်သားကို ကျွန်တော့်ကိုယ်စား မဲပြိုင်ဖို့ တာဝန်ပေးထားတာ၊ ကျွန်တော့်သားကို ရသေ့တောင်ပြည်သူတွေက မဲမပေးခဲ့ဘူးဆိုရင် ရခိုင်နိုင်ငံရေးလောကမှာ ကျွန်တော်နေကို မနေတော့ဘူး” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ဒေါက်တာအေးမောင်သည် ရသေ့တောင်မြို့ စာပေဟောပြောပွဲတွင် ဟောပြောမှုနှင့်ပတ်သက်ပြီး ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ပုဒ်မ ၁၇ (၁) အား အပြီးသတ်လွတ် မြောက်ခွင့်ရခဲ့သော်လည်း အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိချမှတ်နိုင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စက်တင်ဘာ ၁၀ ရက်တွင် တရားရုံးက စွဲချက်တင်မိန့်ချမှတ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သော်လည်း လက်ရှိအခြေအနေမှာ အခက်အခဲများကို တွေ့ကြုံရမှုမရှိသေးကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက ပြောကြားသည်။

“မဲဆွယ်စည်းရုံးရေး စက်တင်ဘာ ၇ ရက်က စတင်တယ်။ လောလောဆယ်မှာတော့ အခက်အခဲ ကြုံရတာမျိုးတော့ မရှိဘူးပေါ့၊ ကျွန်တော်ကတော့ ကျွန်တော့်အဖေရဲ့ လမ်းညွှန်ချက်ကိုခံယူပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တယ်၊ လုပ်စရာရှိတာကို ဥပဒေဘောင်ထဲက လုပ်တယ်၊ အဆုံးအဖြတ်က ပြည်သူတွေအပေါ်မှာ မူတည်တယ်” ဟု ဦးတင်မောင်ဝင်းက ပြောကြားသည်။

ထို့ပြင် အဖရခိုင်ပြည်အမည်ဖြင့် ပါတီသစ်တစ်ခုတည်ထောင်ခွင့် လျှောက်ထားခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယင်းပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်မပြုသည့်အတွက် အခြားအမည်တစ်ခုဖြင့် ခွင့်ပြုချက်တင်သွားရန်ရှိကြောင်း ၎င်းကပြောကြားသည်။

“ဒါပေမဲ့ ဘာနာမည်နဲ့ တင်မယ်ဆိုတာကတော့ အတည်မပြုရသေးဘူး၊ ကျွန်တော်ကတော့ ပါတီစတင်တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်” ဟု ဦးတင်မောင်ဝင်းက ပြောကြားသည်။

ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း (ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ) ကွယ်လွန်သွားသည့်အတွက် လစ်လပ်နေရာဖြစ်ပေါ်နေသဖြင့် ယင်းနေရာအား ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးခင်သန်းမောင်တို့နှင့် တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်းတို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent