အရက်မူးပြီး ကားမောင်းမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း စပါးအသင်းခေါင်းဆောင်အဖြစ် လိုရစ် ဆက်ရှိနေမည်ဟု ပိုချက်တီနို အတည်ပြု

အရက်မူးပြီး ကားမောင်းမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း စပါးအသင်းခေါင်းဆောင်အဖြစ် လိုရစ် ဆက်ရှိနေမည်ဟု ပိုချက်တီနို အတည်ပြု
Published 14 September 2018

Photo: Getty Images

စပါးအသင်းနည်းပြ ပိုချက်တီနိုက အရက်မူးပြီး ကားမောင်းခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် ဂိုးသမား လိုရစ်မှာ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပြင်သစ်ဂိုးသမား လိုရစ်(၃၁ နှစ်)သည် သြဂုတ်လ (၂၄)ရက်နေ့က Porsche Panamera ကားအား အရက်မူးနေစဉ် မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး လမ်းပေါ်ရပ်နားထားသောကားများနှင့် တိုက်မိမလိုဖြစ်ကာ မီးပွိုင့်မီးနီကိုလည်း ဖြတ်မောင်းခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ၎င်းအား ကားရပ်တန့်စေပြီး စစ်ဆေးရာတွင် လိုရစ်မှာ အမူးလွန်နေခဲ့သဖြင့် ရဲစခန်းသို့ ခေါ်ဆောင်ပြီး (၇)နာရီကြာ ထိန်းသိမ်းခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လန်ဒန်မြို့ရှိ ဝက်မင်စတာတရားရုံးတွင် လိုရစ်၏အမှုကို စစ်ဆေးခဲ့ကာ ယာဉ်မောင်းလိုင်စင်ကို လ(၂၀)ကြာပိတ်ပင်ခဲ့ပြီး ပေါင် (၅၀၀၀၀) ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း သိရသည်။

Photo: Getty Images

ဘောလုံးပွဲသုံးသပ်သူများနှင့် ပရိသတ်အချို့က အဆိုပါဖြစ်ရပ်ကြောင့် လိုရစ်ကို အသင်းခေါင်းဆောင်အဖြစ်မှ ရပ်စဲသင့်သည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် ပိုချက်တီနိုက ယင်းသို့ပြုလုပ်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

စနေညတွင် လီဗာပူးလ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လိုရစ်အား အသင်းခေါင်းဆောင်အဖြစ် ဆက်ထားမည်လားဟု သတင်းထောက်များ၏ မေးမြန်းမှုကို ပိုချက်တီနိုက "ဟုတ်ကဲ့။ အခုတော့ အားလုံးကို သူ(လိုရစ်) နောင်တရနေပါပြီ။ ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တာတွေက ကောင်းတဲ့အရာတွေမှ မဟုတ်တာ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မှာ အပြစ်ရှိတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ လူတိုင်းက အမှားလုပ်နိုင်ပါတယ်။ သူ အမှားလုပ်တယ်။ အဲဒီအမှားအတွက် အပြစ်ဒဏ်ကိုလည်း သူ ခံယူတယ်။ သူ့ကိုယ်သူလည်း အပြစ်တင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူတွေကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အကဲဖြတ်ရအောင် နတ်ဘုရားတွေမှာ မဟုတ်တာ"ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဝက်ဖို့ဒ်အသင်းနှင့် ပွဲစဉ်အပြင် ပြင်သစ်အသင်း၏နိုင်ငံတကာပွဲစဉ်များကိုပါ ပေါင်ဒဏ်ရာကြောင့် လွဲချော်ခဲ့သည့် လိုရစ်သည် လီဗာပူးလ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ပါဝင်ကစားနိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent