ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းအမျိုးသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရန် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပြောကြား

ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းအမျိုးသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရန် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပြောကြား
Published 14 September 2018

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် သူနာပြုဆရာမအား စစ်ဆေးနေသည့် ဓာတ်ပုံ

ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းအမျိုးသမီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်ရန် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်သန်းသန်းမြင့် ဆိုသူမှာ စက်တင်ဘာ ၁၁ ရက်က တရားရုံးတွင် အမှုရင်ဆိုင်အပြီး ပြန်လာစဉ် ဂန့်ဂေါ-ကလေးလမ်း၊ စိုင်ဒူတံတားအနီး မြို့အဝင်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရဟုဆိုကာ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား ရှာဖွေရာမှ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားထားသည်။

"အဲဒါနဲ့ ပတ်သက်ပြီး ဂန့်ဂေါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကလည်း ဖုန်းလှမ်းဆက်တယ်။ ဒီကလေးမလေးက မတရားခံရတာပါ ဆိုပြီးတော့ပေါ့။ နောက်တစ်ခါ Facebook မှာလည်း မတရားခံရတာ သတင်းတွေ တက်နေတယ်။ အဲဒီမှာလည်း တရားခံက ဘယ်သူဆိုတာလည်း ထောက်ပြကြတာပေါ့နော်။ နောက်တစ်ခါ ဒါနဲ့ ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် ပေါ်ပေါက်ဖို့ကို တိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်။ ဥပဒေမှာလည်းပဲ အပြစ်ရှိတဲ့ လူတစ်ယောက် လွတ်ရင် လွတ်ပါစေ။ အပြစ်မရှိတဲ့ လူတစ်ယောက်ကို မှားယွင်းပြီး အပြစ်ပေးခံရတာ မဖြစ်စေရဘူးဆိုတဲ့ ဆုံးမစကားရှိတယ်။ ပြောချင်တာကတော့ ဒါလောက်ပဲ" ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန် ဖြစ်စေရန် ကြိုးစားပေးရမည်ဖြစ်ပြီး ယင်းဖြစ်စဉ်ကိုလည်း ဥပဒေဘောင်အတွင်းမှ ကူညီပေးရမည် ဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ သဘာဝသယံဇာတ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

"ကျွန်တော်တို့ဘက်ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း လိုက်ပြီး ကြိုးစားနေတယ်။ ဖြစ်နိုင်တာကတော့ ဒီဆရာမက မူးယစ်ဆေး လုပ်ကြံခံရတာ ဖြစ်နိုင်တဲ့အနေအထား များပါတယ်။ သူ့ဒေသကို ကျွန်တော် လေ့လာကြည့်လိုက်တယ်လေ။ မွှေ့လယ် ရွာသူရွာသားတွေကို မေးကြည့်လိုက်တယ်။ သူတို့ကို မေးကြည့်တော့လည်း မဖြစ်နိုင်ဘူးဆိုတာကို ပြောတယ်။ သူရောင်းဝယ်တယ် ဆိုတဲ့ ဆိုင်ကယ်နဲ့ ရောင်းဝယ်တယ် ဆိုရင်လည်း ရှေ့က ခွက်လေးထဲမှာ ထည့်တယ်ဆိုတာက မဖြစ်နိုင်ဘူးလေ။ ဒါကတော့ အများစုကလည်း လုပ်ကြံခံရတာလို့ သုံးသပ်ကြတာပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ကလေးမလေးက မတရားပြုကျင့် ခံရသေးတယ်။ အခုလို လုပ်တယ်ဆိုတော့လည်း ဒါက လူ့ကျင့်ဝတ်အရ မသင့်တော်ဘူး။ ဥပဒေအရလည်း မှန်မှန်ကန်ကန် ဖြစ်အောင် ကျွန်တော်တို့က ကြိုးစားပေးရမှာပေါ့။ လောကကျင့်ဝတ်အရလည်း မကောင်းဘူး" ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

ဒေါ်သန်းသန်းမြင့်မှာ ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ငါးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် သုံးလဝန်းကျင်မှ စတင်၍ ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကျန်းမာရေးဌာနမှ ဝန်ထမ်း ဒေါ်သန်းသန်းမြင့်သည် ဂန့်ဂေါမြို့နယ် တရားရုံးတွင် ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ဖြင့် နေပြည်တော်တိုင်းမ်မှ အယ်ဒီတာချုပ် ဦးဝရိန်မိုးကို တရားစွဲဆိုထားပြီး ဂန့်ဂေါမြို့နယ် တရားရုံးတွင် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။