ဒီဘရိုင်းနား၏ စာချုပ်ပါလျော်ကြေးမှာ ယူရိုသန်း (၂၅၀)ဖြစ်သည်ဟု ဂွါဒီယိုလာ ပြောကြား

ဒီဘရိုင်းနား၏ စာချုပ်ပါလျော်ကြေးမှာ ယူရိုသန်း (၂၅၀)ဖြစ်သည်ဟု ဂွါဒီယိုလာ ပြောကြား
Published 14 September 2018

Photo: Getty Images

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းကွင်းလယ်လူ ဒီဘရိုင်းနား၏ စာချုပ်ပါလျော်ကြေးမှာ ယူရိုသန်း (၂၅၀)ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်း ဗိုလ်စွဲရာ၌ အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။

သို့သော် ယခုရာသီတွင်မူ ဒီဘရိုင်းနားမှာ လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် နိုဝင်ဘာလအထိ ကစားနိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။

ယခုရာသီအစောပိုင်းက (၆)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့သည့် ဒီဘရိုင်းနားကို ခေါ်ယူလိုပါက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြုရမည်ဖြစ်သည်ဟု ဂွါဒီယိုလာက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Photo: Getty Images

ဂွါဒီယိုလာက "သူ(ဒီဘရိုင်းနား)က အရမ်းတော်တဲ့ ကစားသမားပါ။ ဘီယဲလ်ဆာ(လိဒ်စ်အသင်းနည်းပြ)က ဒီဘရိုင်းနားဟာ သူ့အကြိုက်ဆုံးကစားသမားဖြစ်တယ်လို့ ကျွန်တော့်ကို ပြောဖူးပါတယ်။ ဒီဘရိုင်းနားက အရာအားလုံးကို လုပ်ဆောင်နိုင်တဲ့
ကစားသမားပါ။ သူ့ရဲ့ စာချုပ်ပါလျော်ကြေးက ယူရိုသန်း (၂၅၀)ပါ။ ဒါပေမဲ့ စိတ်မကောင်းပါဘူး။ သူ့ကို ကျွန်တော်တို့ ရောင်းချသွားမှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

လက်ရှိကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားမှာ ဘရာဇီးလ်တိုက်စစ်မှူး နေမာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ဒီဘရိုင်းနားသည် ၂၀၁၅ ခုနှစ်က ဂျာမန်ကလပ် ဝုလ်ဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းသို့  ယူရို (၇၅)သန်းဖြင့် ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြီးခဲ့သည့် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၂)ပွဲကစား (၃၅)ဂိုး သွင်းယူထားကြောင်း သိရသည်။

Most Read

Most Recent