ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်း အမျိုးသမီးအား မူးယစ်ဆေးဝါးမှုနှင့် ဖမ်းဆီးခြင်းမှာ လုပ်ကြံဖန်တီးမှုဟု ဆွေမျိုးများနှင့် နီးစပ်သူများက ပြောကြားပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားမည်ဟု ဆို

ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်း အမျိုးသမီးအား မူးယစ်ဆေးဝါးမှုနှင့် ဖမ်းဆီးခြင်းမှာ လုပ်ကြံဖန်တီးမှုဟု ဆွေမျိုးများနှင့် နီးစပ်သူများက ပြောကြားပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားမည်ဟု ဆို
Published 14 September 2018

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် သူနာပြုဆရာမအား စစ်ဆေးနေသည့် ဓာတ်ပုံ

ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေး ဝန်ထမ်းအမျိုးသမီးအား မူးယစ်ဆေးဝါးမှုနှင့် ဖမ်းဆီးခြင်းမှာ လုပ်ကြံဖန်တီးမှုဟု ဆွေမျိုးများနှင့် နီးစပ်သူများက ပြောကြားပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားမည်ဟု သိရသည်။

စက်တင်ဘာ ၁၁ ရက်က တရားရုံးတွင် အမှုရင်ဆိုင်အပြီး ပြန်လာသည့် ကျန်းမာရေးဌာနမှ ဝန်ထမ်း ဒေါ်သန်းသန်းမြင့်ဆိုသူမှာ ဂန့်ဂေါ-ကလေးလမ်း၊ စိုင်ဒူတံတားအနီး မြို့အဝင်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရဟုဆိုကာ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား ရှာဖွေရာမှ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ဂန့်ဂေါ-ကလေးလမ်း၊ စိုင်ဒူတံတားအနီး၊ မြို့အဝင်ဂိတ်မှာ ဖမ်းမိတာပါ။ သူက ဂန့်ဂေါကနေ အပြန်ပါ။ သူ့ဆီက တစ်ဖက်က ၈၈၊ တစ်ဖက်က ဝမ်း (၁) ပါတဲ့ စိတ်ကြွရူးသွပ်ဆေးဝါး ယူဆရတဲ့ ဆေးပြား ၁၈ ပြား။ ရှေ့ဆိုင်ကယ် (ကလစ်ဘီး) ခွက်ထဲက တွေ့တယ်ပြောပါတယ်။ ကလစ်ဘီးက ယာမဟာ ဖြူနီဆိုတော့ အိန္ဒိယဘီး ဖြစ်မယ်ထင်တယ်။ ဖမ်းဆီးရေးအဖွဲ့က ကျွန်တော့်ဆီ တိုင်စာနဲ့ ပေးတာပါ။ သူတို့က ဖမ်းပြီးတော့မှ ကျွန်တော့်ဆီကို ဒီပစ္စည်း၊ ဒီပစ္စည်းမိတယ်ဆိုပြီး တိုင်စာနဲ့။ သူ့ကိုတော့ အမှုနဲ့ စစ်ဆေးနေပါတယ်” ဟု ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးစိုးက ပြောကြားသည်။

ယင်းဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နံှ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးမှာ လုပ်ကြံဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။

ဒေါ်သန်းသန်းမြင့်မှာ ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ငါးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် သုံးလဝန်းကျင်မှစတင်၍ ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

“ကျွန်တော့်အမကို မေးကြည့်တော့ ငါ့မောင် ငါဘာမှမသိဘူးတဲ့။ ဆိုင်ကယ်ကို လိုင်စင်စစ်တယ်ထင်ပြီး ရပ်ပေးလိုက်တာ။ ဆရာမကို သတင်းပေးလို့ သတင်းရလို့ ရှာတာပါလို့ ပြောတယ်တဲ့။ အဲဒါဆို ကျွန်မ လုပ်ကြံခံလိုက်ရပြီလို့ ကျွန်တော့်အစ်မကပြောတယ်။ ကျွန်တော့်အစ်မ ပြန်ပြောပြတာပါ။ ကျွန်တော်ထင်တာက လုပ်ကြံခံလိုက်ရတာပါ။ တိုင်တဲ့သူက လုပ်ကြံတဲ့သူပဲ။ ဒီသူ့ရဲ့ရှေ့က ဘောက်ထဲ ထည့်ထားတာဆိုတော့ ကျွန်တော့် အစ်မက အရောင်းအဝယ် လုပ်တယ်ဆိုရင်လည်း ရှေ့တူးဘောက်ထဲမှာ ထည့်ထားစရာ အကြောင်းမရှိဘူး။ ရှေ့တူးဘောက်က အဖုံးမပါဘူး။ ကွမ်းယာထုတ်တို့ ရေသန့်ဗူးတို့ ထည့်တဲ့ဟာပါ။ အဲဒီကတည်းကအစ လုပ်ကြံမှုဆိုတာ သိတယ်ဗျ။ ဆရာမ အမှုရင်ဆိုင်နေရတဲ့ အမှုနဲ့ပတ်သက်ပြီး အ,လို့ခံရတယ်ဆိုပြီး ဝင်မစွက်ပါဘူး။ အခုဟာကကျွန်တော့် အစ်မရဲ့ ဘဝပျက်အောင်အထိ ဖြစ်တဲ့အတွက် လိုက်လာတာ။ ပထမ အမှုဖြစ်နေတုန်းက မွှေ့လယ်ကျေးရွာမှာ ဖြစ်ခဲ့တာ။ အခုတော့ ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာမှာ ပြောင်းရွှေ့ခဲ့ပါပြီ။ အမှုမပြတ်သေးတော့ ဂန့်ဂေါကို လာပြီးတော့ အမှုရင်ဆိုင်နေရတာပါ။ အမှုကို လာရင်ဆိုင်ရင်းအပြန် ညနေ ၃ နာရီလောက် ဖြစ်တာလို့ ပြောတယ်။ အမှုရင် ဆိုင်နေတုန်းမှာ ဆိုင်ကယ်က အပြင်မှာ ထားခဲ့တာပါ။ ဒီလို လိမ်လည်မှုကြီးက သေချာနေတာဆိုတော့ အမှုမှန်ကို ပေါ်စေချင်ပါတယ်။ တစ်နိုင်ငံလုံးလည်း သိပါတယ်။ ဒီအကြောင်းအရာက သတင်းပေးလို့ ရှာတယ် သတင်းပေးတဲ့သူသာ တရားခံဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို တစ်နိုင်ငံလုံးလည်း သိနေတာဆိုတော့ ဥပဒေပညာရှင်အားလုံးကလည်း ဒီကိစ္စကို ဝိုင်းဝန်း လုပ်ပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ ဂန့်ဂေါခရိုင်ကမှ လုပ်ဆောင်ချက်တွေ မအောင်မြင်ခဲ့ဘူးဆိုရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံအထိ ရောက်အောင် စာပို့ပြီးတော့ တိုင်ကြားသွားမှာပါ” ဟု ဖမ်းဆီးခံထားရသည့် ဒေါ်သန်းသန်းမြင့်၏မောင် ကိုအောင်ဇော်ဝင်း (ခ) ကိုအဲဇော်က ပြောကြားသည်။

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်း ဒေါ်သန်းသန်းမြင့်မှာ မူးယစ်ဆေးဝါး သုံးစွဲခြင်းလည်း မရှိသကဲ့သို့ ရောင်းချခြင်းလည်း မရှိကြောင်း၊ ယခုဖြစ်စဉ်မှာ လုပ်ကြံခံရခြင်းသာဖြစ်ကြောင်း မွှေ့လည်ရွာမှ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က ပြောကြားသည်။

“ဒီရွာမှာ ငါးနှစ်၊ ခြောက်နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ မူးယစ်ဆေးဝါးနဲ့ သုံးစွဲတာရော၊ ရောင်းချတာရော မကြားဖူးပါဘူး။ ဒါက တစ်ဦးတစ်ယောက်ရဲ့ လုပ်ကြံမှုလို့ပဲ တစ်ထစ်ချ ယုံကြည်ထားပါတယ်။ သူ့ရဲ့ စာရိတ္တကို သိလို့ပါ။ သူကရွာမှာ နေသွားတာ ငါးနှစ်ကျော်ကြာပြီ။ နာမည်ဆိုးမရှိဘူး။ သတင်းကျော်စောမှုလည်း မရှိဘူး။ တစ်ဦးတစ်ယောက်ရဲ့ လုပ်ကြံမှုဆိုတာကလည်း သူက အမှုတစ်ခု ရင်ဆိုင်နေရတယ်။ ရင်ဆိုင်နေရတော့ တရားရုံးကို သွားတယ်။ တရားရုံးကနေအပြန် ဆိုင်ကယ်စီးပြီးတော့ ပြန်လာတယ်။ တရားရုံးကို သွားတယ်ဆိုကတည်းက ဒီလိုပစ္စည်းမျိုးကို လွယ်လင့်တကူ ဘယ်သူမှမထားဘူး” ဟု ၎င်းကပြောကြားသည်။

အဆိုပါ ကျန်းမာရေးဌာနမှ ဝန်ထမ်း ဒေါ်သန်းသန်းမြင့်သည် ဂန့်ဂေါမြို့နယ် တရားရုံးတွင် ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ဖြင့် နေပြည်တော်တိုင်းမ်မှ အယ်ဒီတာချုပ် ဦးဝရိန်မိုးကို တရားစွဲဆိုထားပြီး ဂန့်ဂေါမြို့နယ်တရားရုံးတွင် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“တရားရုံးထဲမှာက ရှေ့နေနဲ့ ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်တွေပဲ ထားတာများပါတယ်။ အပြင်က အမှုသည်တွေက ရုံးဝိုင်းအပြင်ဘက်မှာ ထားကြပါတယ်။ အပြင်မှာ သင့်တော်သလို ထားကြတာပါ။ အဲဒီနေ့က တစ်နေကုန်လောက် စစ်နေရတာပါ။ ပထမဆုံး အဓိက စစ်မေးခြင်းမှာ ကြာပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီနေ့က ဆရာမလေးက ကျွန်တော်နဲ့ ရုံးချိန်းလာတာ မှန်တယ်။ ကျွန်တော်နဲ့ တရားရုံးမှာပဲ တရားလိုအနေနဲ့ အစစ်ဆေးခံတယ်။ အစစ်ဆေးခံပြီးတော့ ခါတိုင်းပြန်နေကြပုံစံအတိုင်း ပြန်သွားတာပဲ။ အဲဒီလောက်ပဲ ပြောချင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးထွန်းထွန်းဦး (ခ) ဦးချစ်ဦးက ပြောကြားသည်။

Most Read

Most Recent