ကျောက်ဆည် GTI ကျောင်းသားကို ဓားဖြင့်ထိုးသတ်သူသုံးဦးအား ဒုတိယအကြိမ် ရမန်ယူစဉ် သမဂ္ဂကျောင်းသားများက အမှုမှန်ဖြစ်ပေါ်စေရေး ကမ်ပိန်းပြုလုပ်

ကျောက်ဆည် GTI ကျောင်းသားကို ဓားဖြင့်ထိုးသတ်သူသုံးဦးအား ဒုတိယအကြိမ် ရမန်ယူစဉ် သမဂ္ဂကျောင်းသားများက အမှုမှန်ဖြစ်ပေါ်စေရေး ကမ်ပိန်းပြုလုပ်
Published 14 September 2018

ဒုတိယအကြိမ် ရမန်ယူစဉ် သမဂ္ဂကျောင်းသားများက အမှုမှန်ဖြစ်ပေါ်စေရေး ကမ်ပိန်းပြုလုပ်နေစဉ်

ကျောက်ဆည်အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောင်းသားကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားဖြင့်ထိုးသတ်သူသုံးဦးအား ဒုတိယအကြိမ် ရမန်ယူစဉ် သမဂ္ဂကျောင်းသား ၂၀၀ ကျော်က အမှုမှန် ဖြစ်ပေါ်ရေး ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ နံနက် ၉ နာရီခန့်မှစ၍ ကျောက်ဆည်ခရိုင် တရားရုံးဝင်းအတွင်း ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံ၊ မြင်းခြံ နည်းပညာကောလိပ်၊ ရွှေဘိုနည်း ပညာကောလိပ်၊ ရွှေဘိုခရိုင်၊ ကျောက်ဆည်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၀ ကျော်က ‘ကျောင်းသားလူငယ် လုံခြုံရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး’ တီရှပ်အဖြူများ ဝတ်ဆင်၍ အမှုမှန်ဖြစ်ပေါ်စေရေး ကမ်ပိန်းပြုလုပ်ပြီး ကျောက်ဆည်မြို့ခံ ရာနှင့်ချီကာ တရားရုံးပတ်ပတ်လည်တွင် ဝန်းရံစောင့်ကြည့်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည် GTI တက္ကသိုလ်ကျောင်းသားနှစ်ဦးသည် သြဂုတ် ၂၉ ရက် ည ၁၀ နာရီခွဲက ဆိုင်ကယ်ဖြင့် အပြင်ထွက်စဉ် အမျိုးသားသုံးဦး လိုက်ပါသည့်ဆိုင်ကယ်နှင့် တိုက်မိမလို ဖြစ်ခဲ့သည်။ ထို့နောက် ဆိုင်တစ်ဆိုင် ရှေ့သို့အရောက်တွင် အမျိုးသားသုံးဦး လိုက်ပါလာသည့် ဆိုင်ကယ်ရောက်လာပြီး ကျောင်းသားနှစ်ဦးကို ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းခဲ့ကြောင်း သိရသည်။

ကျောင်းသားတစ်ဦးက ဆင်းလိုက်ပြီး ကျန်တစ်ဦးက ဆိုင်ကယ်ပေါ်တွင် ထိုင်နေစဉ် ထိုသုံးဦးက အဆိုပါကျောင်းသား ကိုင်ထားသည့်ဖုန်းကို တောင်းရာမှ ဝိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးက ဓားဖြင့်ထိုး၍ ကျောင်းသားတစ်ဦး လဲကျကာ ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ခဲ့သည်။

“ရဲတပ်ဖွဲ့ရဲ့ ပထမထုတ်ပြန်ချက်မှာ သာမန် လမ်းဘေးစကားများစဉ် လက်လွန်ခြေလွန်ဖြစ်ပြီး လူသတ်မှုဖြစ်တယ်လို့ ထုတ်ပြန်တာရှိတယ်။ ဒါပေမဲ့ နောက်မှ သူတို့ပြင်တယ်။ ပုဒ်မတွေ ထပ်တိုးလိုက်ပြီး လုယက်မှုပုဒ်မ ပါလာပါတယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ်ညီမျှမမျှ ကျွန်တော်တို့ စောင့်ကြည့်မယ်။ ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေ ဒီလိုအဖြစ်မကြုံဖို့ ဘယ်လိုလုပ်ကြမလဲ။ ဒါကို ကာကွယ်ပေးဖို့ ရည်ရွယ်ပြီး ကမ်ပိန်းလုပ်တာပါ။ ခုလို ကျောင်းသားတစ်ယောက်ကို သတ်ဖြတ်လိုက်တာဟာ ကျောင်းသားတွေရဲ့ လုံခြုံမှုကို သတ်လိုက်တာနဲ့ အတူတူပါပဲ” ဟု ကျောက်ဆည် အစိုးရလက်မှုလက်မှု သိပ္ပံကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုငြိမ်းသက်အောင်က ပြောကြားသည်။

အဆိုပါ ကျောင်သားသေဆုံးမှုနှင့် ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၉၂ ဖြင့် အမှုဖွင့်ထားပြီး ကျောက်ဆည်မြို့နယ်တရားရုံးသို့ တရားစွဲတင်နိုင်ရန် တရားရုံး၌ ရမန်ယူထားပြီး စက်တင်ဘာ ၁၃ ရက် ဒုတိယရမန်ယူရာတွင် ကျောင်းသားနှင့် မြို့ခံများ စောင့်နေသည့် တရားရုံးအရှေ့ပေါက်မှ မဝင်ဘဲ မွန်းလွဲ ၃ နာရီခန့်တွင် တရားရုံး၏ဘေးပေါက်မှ အိမ်စီးကားဖြင့် အချုပ်သားသုံးဦးအား ရုံးထုတ်လာသဖြင့် တရားရုံးအတွင်း ကျောင်းသားနှင့် ခရိုင်ရဲမှူးတို့ စကားအချေအတင်ဖြစ်ခြင်း၊ တရားရုံးအပြင်ဘက်ရှိ ကျောက်ဆည်မြို့ခံများက အချုပ်သားများအား အိမ်စီးကားဖြင့် ရုံးထုတ်လာသောကြောင့် ဆူညံအော်ဟစ် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီလိုမျိုးအဖြစ်ကို အပြင်မှာလည်း တစ်ခါမှ မမြင်ဖူးဘူး။ CCTV ကနေ ဖြစ်စဉ်ကို ကြည့်လိုက်ရတော့ တော်တော် အံ့သြသွားတယ်။ ကျောင်းသားလေးတစ်ယောက်ကို ဒီလောက်လုပ်စရာလိုလား။ ရက်စက်လွန်းအားကြီးလို့ ကြည့်ရင်းဝမ်းနည်းမိပါတယ်။ ဒါကြောင့် ဒီအမှုကို စိတ်ဝင်စားလို့ တရားရုံးကို လာကြည့်တာပါ” ဟု ကျောက်ဆည်မြို့ခံ ဒေါ်စန်းစန်းက ပြောကြားသည်။

Most Read

Most Recent