တောင်သမန်အင်းအတွင်းရှိ မည်စည်ပင်တန်းအနီးတွင် ကားပါကင်နေရာနှင့် ဆိုင်ခန်းနေရာများ တည်ဆောက်မည်

တောင်သမန်အင်းအတွင်းရှိ မည်စည်ပင်တန်းအနီးတွင် ကားပါကင်နေရာနှင့် ဆိုင်ခန်းနေရာများ တည်ဆောက်မည်
Published 14 September 2018

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းအတွင်းရှိ မည်စည်ပင်တန်းအနီးတွင် ကားပါကင်နေရာနှင့် ဈေးဆိုင်ခန်းနေရာများ တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

မည်စည်ပင်တန်းအနီးတွင် ပြုလုပ် ဆောင်ရွက်သွားမည့် ကားပါကင်နေရာနှင့် ဈေးဆိုင်ခန်းများ၏ ပုံစံဒီဇိုင်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဗိသုကာပညာရှင်များ ပူးပေါင်း၍ ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် ကုန်ကျမည့် ခန့်မှန်းကုန်ကျငွေများကိုလည်း တွက်ချက်ထားပြီးဖြစ်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“တောင်သမန်အင်းနှင့် ဦးပိန်တံတား ဝန်းကျင်သန့်ရှင်းသာယာရေး၊ ရေရှည်တည်တံ့ရေးကော်မတီက ပထမအဆင့်အနေနဲ့ တောင်သမန်အင်းထဲမှ ဒိုက်ပင်တွေ ဆယ်တယ်။ နောက် ခရီးသွားပြည်သူတွေ အနှောင့်အယှက်ဖြစ်စေမယ့် တံတားပေါ်က ဆိုင်တွေ ဖယ်ရှားခဲ့တယ်။ အခုကျွန်တော်တို့က နောက်တစ်ဆင့်အနေနဲ့ ဦးပိန်တံတားအနီး မည်စည်ပင်တန်းဘက်မှာ ကားပါကင်ဆိုင်ခန်း စားသောက်ခန်းတွေ တည်ဆောက်ဖို့ ပုံစံဆွဲထားပြီးပါပြီ။ ခရီးသွားဌာန ရှေးဟောင်းဌာနတို့နဲ့အတူတူ ပုံကြမ်းဆွဲထားပြီးပြီ။ ကုန်ကျစရိတ်တွေက အကြမ်းဖျင်း တွက်ချက်နေပါတယ်။ ဒါကို တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး ဆောင်ရွက်မယ်။ တဖြည်းဖြည်းတော့ သွားရမှာပေါ့။ လာတဲ့သူလည်း အေးအေးဆေးဆေး နားနေနိုင်အောင်၊ လည်ပတ်နိုင်အောင် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ရည်မှန်းပြီး တစ်ဆင့်ချင်း လုပ်သွားမှာပါ” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

တောင်သမန်အင်းအတွင်းရှိ ဦးပိန်တံတားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ချမ်းမြေ့စွာနှင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေး အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနနှင့် တာဝန်ရှိသူများက မတ် ၂၆ ရက်က တံတားပေါ်၌ ဖွင့်လှစ်ထားသည့် ဈေးဆိုင်ခန်းများကို ဖယ်ရှား ရှင်းလင်းခဲ့သည်။

ထို့ပြင် ယခင်ဖွဲ့စည်းထားသော ဦးပိန်တံတား ကြီးကြပ်မှုကော်မတီနှင့် တောင်သမန်အင်း လေ့လာစောင့်ကြည့်ရေးကော်မတီ နှစ်ရပ်ကို မတ် ၁၉ ရက်က တောင်သမန်အင်းနှင့် ဦးပိန်တံတားဝန်းကျင် သန့်ရှင်းသာယာရေး၊ ရေရှည်တည်တံ့ရေးကော်မတီအဖြစ် တစ်ခုတည်း ပေါင်းစည်းဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီမှ ဦးပိန်တံတားနှင့် တောင်သမန်အင်း သန့်ရှင်းသာယာလှပစေရန်အတွက် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် တောင်သမန်အင်းအတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်နေပြီး ရေပြန်လည်ကျဆင်းသွားပါက ဦးပိန်တံတား ကြံ့ခိုင်စေရန်အတွက် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို အလှူရှင်များဖြင့် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမျိုးသစ်က ဆက်လက် ပြောကြားသည်။

Most Read

Most Recent