<

ဒလမြို့နယ်တွင် မြေကွက်ပါမစ်အတု ပြုလုပ်ပြီး လိမ်လည်ရောင်းချရန် ကြိုးစားခဲ့သည်ဟုဆိုသူသုံးဦးအား အမှုဖွင့်ဖမ်းဆီး

ဒလမြို့နယ်တွင် မြေကွက်ပါမစ် အတုလုပ်၍ လိမ်လည် ရောင်းချရန် ပြုလုပ်ခဲ့သည်ဟုဆိုသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအမှုဖွင့်ထားကြောင်း စက်တင်ဘာ ၁၃ ရက်တွင် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

၎င်းတို့သုံးဦးကို စက်တင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ဖမ်းဆီးနိုင်ရန်အတွက် ဒလမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင်တစ်ဦးက သတင်းပေးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက်တွင် ဒလမြို့နယ် ကမာကသွယ်ရပ်ကွက်နေ အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဦး…. (၃၇ နှစ်) သည် ၎င်း၏ရုံးခန်း၌ ရှိနေစဉ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ယင်းမြို့နယ် တပင်ရွှေထီး ရပ်ကွက်အတွင်းရှိ မြေကွက်အား ရောင်းချလိုသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားရောင်းချလိုသည့် မြေကွက်အား ဦး…. (၃၇)နှစ်က စုံစမ်းရာ ယင်းမြေကွက်မှာ ဦးစိန်မောင်အမည်ဖြင့် ၁၉၉၇ ခုနှစ်တွင် နှစ် ၆၀ ဂရန်ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရှိရကာ ၎င်းအမျိုးသားအား မသင်္ကာသဖြင့် စက်တင်ဘာ ၁၁ ရက်တွင် ကျောက်တံတားမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံကာ ယင်းအမျိုးသား ယူဆောင်လာသည့် မြေကွက်ပါမစ်အား မိတ္တူကူးပြီး ယူထားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဦး…. က စက်တင်ဘာ ၁၂ ရက်တွင် အဆိုပါ အမျိုးသားကို ၎င်း၏ ရုံးခန်းသို့ စရန်ငွေလာပေးရန်နှင့် မြေကွက်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အပြည့်အစုံ ယူလာရန် ချိန်းဆိုခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်တွင် ပါရှိသည်။

ထို့နောက် အဆိုပါအမျိုးသား လာပေးသည့်အထဲမှ ပါမစ်မိတ္တူအားယူပြီး ပုဇွန်တောင်မြို့နယ်ရှိ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ယင်းပါမစ်မှာ အတုဖြစ်သည်ဟု အဆိုပါဌာနမှ ပြောဆိုခဲ့သဖြင့် ဦး…. က ဒလမြို့မရဲစခန်းသို့ သွားရောက် သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် ဦး…. မှာ ၎င်း၏ရုံးခန်းတွင် ရှိနေစဉ် ပါမစ်အတုဖြင့် မြေကွက်ရောင်းချမည့် ငါးဦးမှာ ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာစဉ် ဦး…. က ဒလမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရဲတာဝန်ရှိသူများ ရောက်ရှိလာကာ ယင်းအထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကျန်သုံးဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ လှိုင်သာယာမြို့နယ်နေ ဦး…. (၄၁ နှစ်) နှင့် ဒေါ်…. (၄၉ နှစ်) တို့ဖြစ်ကြောင်းနှင့် ၎င်းတို့အား စစ်ဆေးပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသူ သုံးဦးအနက် လှိုင်သာယာမြို့နယ်နေ ကို….(၂၉ နှစ်) ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသူများ စီးနင်းလာသည့် ယာဉ်နှစ်စီးအား စစ်ဆေးရာ တစ်စီးပေါ်တွင် ဦး ….အား ရောင်းချရန် အတုပြုလုပ်ထားသည့် မြေချပါမစ်အတုတစ်စောင်အား တွေ့ရှိရပြီး အခြားယာဉ်တစ်စီးပေါ်တွင် မြေကွက်များ လိမ်လည်ရောင်းချရန် ထည့်ထားသည့် နှစ် ၆၀ ဂရန်အတုနှင့် မြေချပါမစ်အတု တစ်စောင်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ မြေကွက်ပါမစ်အတု ပြုလုပ်ပြီး လိမ်လည်ရောင်းချရန် ပြုလုပ်ခဲ့သူ ငါးဦးအား အမှုဖွင့်ထားပြီး သုံးဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

September 13, 2018














Copy Protected by Chetan's WP-Copyprotect.