ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလှန် ညိုမည်းနေသည့် ဧရိယာမှ ရွှေစင်ပြားများကို ပညာရှင်များဖြင့် စစ်ဆေးရန်နှင့် ရွှေစင်ပြား Gold Coating များ ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြား

ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလှန် ညိုမည်းနေသည့် ဧရိယာမှ ရွှေစင်ပြားများကို ပညာရှင်များဖြင့် စစ်ဆေးရန်နှင့် ရွှေစင်ပြား Gold Coating များ ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြား
Published 14 September 2018

ရွှေတိဂုံစေတီတော်မြတ်ကြီးအား စက်တင်ဘာ ၁၂ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလှန် ညိုမည်းနေသည့်ဧရိယာမှ ရွှေစင်ပြားများကို ပညာရှင်များဖြင့် စစ်ဆေးရန်နှင့် ရွှေစင်ပြား Gold Coating များ ဆက်လက် ဆောင်ရွက်ခြင်းမပြုရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သို့ ညွှန်ကြားထားကြောင်း စက်တင်ဘာ ၁၃ ရက်က ယင်းဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရွှေတိဂုံစေတီတော်ကို ရွှေပြားသင်္ကန်း ကပ်လှူမည့်ကိစ္စနှင့် ပတ်သက်၍ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ လိုက်နာဆောင်ရွက်ရန် လုပ်ငန်းစဉ် (၅) ချက် ညွှန်ကြားထားပြီး အထက်ပါ အချက်များလည်း အပါအဝင် ဖြစ်သည်။

ပထမအချက်အနေဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြာမှောက်၊ ကြာလှန်မည်းနေသည့် ဧရိယာမှ ရွှေစင်ပြားသင်္ကန်း ၁၀ ချပ်ခွာ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေပန်းတိမ်ပညာရှင်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ပညာရှင်များဖြင့် စစ်ဆေးရန်၊ ဒုတိယအချက်မှာ စေတီတော်ကြီး တစ်ဆူလုံးရှိ ရွှေပြားသင်္ကန်းတော်များအား မခွာရန်တို့ဖြစ်သည်။

တတိယနှင့် စတုတ္ထအချက်အနေဖြင့် ပြည်သူများနှင့် အလှူရှင်များက ရွှေသင်္ကန်း ကပ်လှူခြင်းကို ရွှေစင်ရွှေပြား အစစ်ဖြင့်သာ ကပ်လှူလိုသဖြင့် ရွှေစင်ပြား Gold Coating များ ဆက်လက် ဆောင်ရွက်ခြင်း မပြုရန်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ငှက်ပျောဖူးတော်အောက်ပိုင်း၊ ကြာရင့်၊ ကြာလန်၊ ရွဲ၊ ကြာနု၊ ကြာမှောက်၊ ဖောင်းရစ် (ဖောင်းလုံး)၊ ပန်းဆွဲ၊ သပိတ်မှောက်၊ ရင်စည်း (ခါးစည်း)၊ ခေါင်းလောင်း၊ ခေါင်းလောင်းနား၊ ကျည်းဝန်း (ကျည်းခွေ)၊ ရှစ်မြှောင့်အထိ ရွှေပြားကြိတ်စက်ရုံမှ ထုတ်လုပ်သော ရွှေပြား (Gold Plate) များဖြင့် ရနိုင်သရွေ့ ကပ်လှူပူဇော်ရန်တို့ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရွှေပြား (Gold Plate) ရွှေသင်္ကန်းတော် မကပ်နိုင်သည့် ဧရိယာများအား ရွှေမျက်ပါး၊ ရွှေဆိုင်း၊ ရွှေသင်္ကန်းတော်သာ ကပ်လှူပူဇော်ရန်ဖြစ်ကြောင်း နောက်ဆုံးအချက် အနေဖြင့် ညွှန်ကြားထားသည်။

ထို့ပြင် လှုမှုကွန်ရက် အင်တာနက် စာမျက်နှာများပေါ်တွင် ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မည့် ကိစ္စနှင့်ပတ်သက်၍ ‘စေတီတော်တစ်ဆူလုံး ရွှေခွာမည်၊ ရွှေတိဂုံစေတီတော်ကြီးကို ရုတ်တရက် ပြင်ချင်တာ ရိုးမှရိုးသားရဲ့လား’ စသည့် မဟုတ်မမှန် ကောလာဟလ သတင်းများ ပျံ့နှံ့လျက်ရှိကြောင်း၊ ရွှေသင်္ကန်းကပ်လှူမည့် ကိစ္စနှင့်ပတ်သက်၍ လှုမှုကွန်ရက် အင်တာနက် စာမျက်နှာများပေါ်တွင် အယူအဆမျိုးစုံဖြင့် မဟုတ်မမှန် လုပ်ကြံဖော်ပြ ရေးသားခြင်းသည် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေပြီး ပြည်တွင်းရေး မငြိမ်မသက်ဖြစ်အောင် ရေးသားဖော်ပြခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလှန်ဧရိယာ ရွှေရောင်မှေးမှိန် ညိုမည်းလာခြင်းကြောင့် ယင်းနေရာမှ ရွှေပြားများ ပြန်ခွာ၍ အသစ်ပူဇော်မည်ဖြစ်ပြီး ယင်းကြောင့် ရွှေပြားသင်္ကန်းကပ်လှူခြင်းကို ငါးနှစ်တစ်ကြိမ် ပြုလုပ်ရာမှ တစ်နှစ်စော၍ ယခုနှစ် နိုဝင်ဘာတွင် ပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ စက်တင်ဘာ ၁၂ ရက်တွင် သိရသည်။

ထို့ပြင် စေတီတော်၏ ကြာမှောက်၊ ကြာလှန်ဧရိယာ ညိုမည်းလာခြင်းမှာ ၂၀၁၄ ခုနှစ်က ရွှေပြားများ သန့်စင်ရောင်တော်ဖွင့် ဆောင်ရွက်စဉ် ဆိုက်ယာနိုက်ဓာတ်ဆေးရည်ဖြင့် အသုံးပြုဆောင်ရွက်ခဲ့ပြီး အောက်ခြေရှိ သစ်စေးလုပ်ငန်းများ မထိခိုက်စေရန် ရေဖြင့် လုံလောက်အောင် ဆေးကြောခြင်း မပြုလုပ်နိုင်ခဲ့ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

Most Read

Most Recent